တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် ၁၇,၀၀၀ ထိရှိလာ

တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ဦးရေဟာ ဇူလိုင် ပထမပတ်ထိ ၁၇,၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီလို့ စစ်ရေးပဋိပက္ခနဲ့ လူ့အခွင့် အရေးဆိုင်ရာကိစ္စရပ်တွေကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်နေတဲ့ Southern Monitor အဖွဲ့က ပြောပါတယ်။

တနင်္သာရီတိုင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ တနင်္သာရီ၊ ပုလောနဲ့ မြိတ်မြို့နယ် တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့အထိ ရရှိတဲ့ အချက်အလက်တွေအရ စစ်ဘေးဒုက္ခသည် ၁၁,၈၀၀ ဦး ရှိခဲ့ပါတယ်။

ဇူလိုင်လဆန်းမှာတော့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတာကြောင့် စစ်ဘေးဒုက္ခသည် ဦးရေဟာ ၁၇,၀၀၀ ထိဖြစ်လာတာလို့ Southern Monitor အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"အခု ဇူလိုင်လဆန်းပိုင်းမှာ ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်အရေအတွက်က ပိုတိုးလာပါတယ်ဗျ။ အခု ဇူလိုင်လဆန်းပိုင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်မှာ စစ်ဘေးရှောင် ၁၉၀၀ ထိ ဖြစ်လာတယ်။ သရက်ချောင်းမြို့နယ်မှာလည်း ဇွန်လကုန်တုန်းက ၄၅၈ ဦးကနေ အခု ဖြစ်နေတဲ့ တိုက်ပွဲ တွေကြောင့် ၆၀၀၀ လောက်ထိ ရှိလာနေတယ်"

တနင်္သာရီတိုင်းရဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက လအလိုက် အပြောင်းအလဲများတာတွေ့ရပြီး ဆက်သွယ်ရေးခက်ခဲတာတွေကြောင့်လည်း အချက်အလက် အတိအကျရနိုင်ဖို့ ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရင် ဘေးလွတ်ရာကို ရှောင်တိမ်းကြရတာကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်က များပြားနေပြီး တိုက်ပွဲတွေနဲ့ စစ်ကြောင်းတွေ မရှိတော့ရင် ကိုယ့်အိမ်ကိုယ် ပြန်လာနေကြတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက တနင်္သာရီတိုင်းမှာ စားနပ်ရိက္ခာ သယ်ယူခွင့်တွေ ကန့်သတ် ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လအထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ခုနစ်သိန်းခြောက်သောင်းကျော် ရှိလာနေပြီလို့ ဖော်ပြထား ပါတယ်။