နေပူတောင် စီမံကိန်း ရပ်ဆိုင်းပေး ဖို့ တောင်ကုတ်ဒေသခံတွေ ဆန္ဒပြတောင်းဆို
2015.12.31

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အစိုးရနဲ့ ဗီယက်နမ်ကုမ္ပဏီတစ်ခုတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေ တဲ့ နေပူတောင် မာဘယ်လ်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ တောင်ကုတ်မြို့မှာ ဒေသခံ ၃ဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အဲ့ဒီစီမံကိန်းဟာ ဒေသခံတွေကို အကျိုးမပြုတဲ့အတွက် စီမံကိန်းရပ်ဆိုင်းပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုဇေယျကျော်က ပြောပါတယ်။
"တောင်ကုတ်မြို့နယ်မှာရှိတဲ့ နေပူတောင်စီမံကိန်းသည် ကျနော်တို့ ရခိုင်လူထု၊ ရခိုင်ပြည်နယ်အတွက် တစ်စုံတစ်ရာသော ရပိုင်ခွင့်နဲ့ အကျိုးဘာမှမရှိဘူးဆိုခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ က ဆန္ဒထုတ်ဖော်ပြီးတော့ လိုလားချက်တွေ တောင်းဆိုခဲ့ပေမယ့် ဘာမှမတုံ့ပြန်ဘူး၊ တစ်နှစ်သာ ပြည့်သွားတယ် အဲ့အခါတော့ ကျနော်တို့ မိမိတို့အတွက် အကျိုးမရှိဘူး၊ ဒီစီမံကိန်း ရပ်တန့်ရေးအတွက် ဆက်ပြီးတော့ တိုက်ပွဲဝင်နေတယ်ဆိုတဲ့ ကျနော်တို့က လက်ရှိအနေနဲ့ တောင်းဆိုနေတာပါ"
နေပူတောင် မာဘယ်လ်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းပြီး အဲ့ဒီနေရာကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်နိုင်မယ့် နေရာတစ်ခုအဖြစ် ဖန်တီးပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်းက သဘာဝ သယံဇာတတွေကို ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ ထုတ်ယူမှုတွေ မလုပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
တောင်ကုတ်မြို့နယ် အရှေ့ဘက် မိုင် ၃ဝ လောက်အကွာမှာရှိတဲ့ နေပူတောင် မာဘယ်လ်အလှဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို အစိုးရက ဗီယက်နမ်နိုင်ငံကုမ္ပဏီ တစ်ခုဖြစ်တဲ့ SIMECO ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၁၈ သန်းနဲ့ နှစ်ပေါင်း ၂၅ နှစ်အထိ ထုတ်ယူလုပ်ကိုင် ခွင့်ပြုထားတာဖြစ်ပြီး အဲ့ဒီကုမ္ပဏီ က ကျောက်တွေကို ထုတ်ယူနေတာ အခုဆိုရင် ၁ နှစ်ကျော် ကြာမြင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။