စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်အပါအ၀င် ပျူစောထီး ပူးပေါင်းတပ်တွေနဲ့ ရွှေဘိုတပ်ရင်း (၂၅) TPC ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး တစ်ဦးစီ သေဆုံးခဲ့တယ်လို့ တန့်ဆည် PDF ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်တပ်နဲ့ ပျူစောထီးတွေက သာဂရ၊ သာရရွာနားကိုအရောက်မှာ ကျနော်တို့ဘက်နဲ့ တိုက်ပွဲဖြစ်တာ။ ပျူတွေဘက်ကလည်း တစ်ယောက်ကျတယ်။ TPC က ရဲဘော် တစ်ယောက် ကျတယ်။ အဲဒီနားက စိုက်ပျိုးရေးလုပ်နေတဲ့ ပြည်သူ ၂၆ ယောက်ကိုလည်း ဖမ်းသွားတယ်။ မနေ့က ညနေပိုင်းက ၁၄ ယောက် ပြန်လွတ်လာတယ်။ ၁၂ ယောက် ကျန်တယ်"
ကျန်နေတဲ့ ဒေသခံတွေထဲက သုံးဦးကို ပျူစောထီးဌာနချုပ်ဖြစ်တဲ့ ကျွန်းလယ်ရွာဆီ ခေါ်ဆောင်သွားပြီး ကိုးဦးကိုတော့ ပျူစောထီးတွေရှိနေတဲ့ မူးတိမ်ရွာမှာပဲ ဆက်ဖမ်း ထားတယ်လို့ ဆိုပါတယ်။
နာရီဝက်နီးပါးကြာခဲ့တဲ့ မနေ့ကတိုက်ပွဲမှာ PDF ရဲဘော် ချစ်တိုးအောင်ဆိုသူ သေဆုံး သွားခဲ့ပြီး ဒီနေ့မှာတော့ ဘာတိုက်ပွဲမှမရှိဘဲ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့အထိ တန့်ဆန်မြို့နယ်ထဲက ရွာပေါင်း ၆၄ ရွာမှာ နေအိမ် ၂၁၀၀ ကျော် မီးရှို့ခံထားရတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ မီးရှို့ခံရမှုကိစ္စတွေကို လေ့လာပြုစုနေတဲ့ Data For Myanmar အဖွဲ့ရဲ့ သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ်ပေါင်း ၂၀,၁၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။