ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်ထဲမှာ ဒီဇင်ဘာ ၁၇ ရက်နေ့ ညက မြန်မာအလုပ်သမားတွေ စီးလာတဲ့ကားက ထိုင်းရဲတပ်ဖွဲ့ကားကို အရှိန်နဲ့ဝင်တိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ကားသုံးစီးက စစ်ဆေးရေးဂိတ်ကို ရှောင်ပြေးရင်း ရဲတပ်ဖွဲ့ဝင်ကားကို ဝင်တိုက်မိတာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့တာပါ။
ဒီဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံသား ယာဥ်မောင်းတွေ အပါအဝင် မြန်မာအလုပ်သမားတွေ အရေးယူခံထားရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“အထောက်အထားမဲ့ တရားမဝင် လိုက်လာတဲ့ မြန်မာအလုပ်သမား ၁၉ ယောက်ကတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပါဘူး။ ထူးခြားတာကတော့ ဖြစ်တောင့်ဖြစ်ခဲ ထိုင်းရဲတပ်ကြပ်ကြီးတစ်ယောက် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်”
တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့သူတွေကို စစ်ဆေးရင်း ထိုင်းရဲတပ်ဖွဲ့တွေ အခုလို သေဆုံး၊ ဒဏ်ရာရတာ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံသား ယာဥ်မောင်းတွေကို တရားမဝင် အလုပ်သမား တင်ဆောင်လာမှု၊ ယာဥ်တိုက်မှုတို့နဲ့ အရေးယူထားသလို မြန်မာနိုင်ငံသားတွေကိုလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ကန်ဖမ်းဖက်ခရိုင် ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းကနေ အခုဒီဇင်ဘာအထိ တစ်နှစ်နီးပါးအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ချိန် ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုကိုတိမ်းရှောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရတဲ့ မြန်မာနိုင်ငံသားကတော့ သုံးဆယ်အထိ ရှိလာပြီလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) က ပြောပါတယ်။