အွန်လိုင်းငွေလိမ်ဂိုဏ်းသုံး ပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိ
2025.02.02

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကနေ ထိုင်းနိုင်ငံဘက်ကို သယ်ဆောင်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)သုံး ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းတွေနဲ့ ဆင်းကတ်အများအပြားကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အဝေးပြေးလမ်းမကြီးမှာ လုံခြုံရေးကင်းလှည့်နေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက မသင်္ကာစရာကားတစ်စီးကို စစ်ဆေးရာကနေ မြန်မာနိုင်ငံကနေ သယ်လာတဲ့ ကွန်ပျူတာတွေနဲ့ မိုဘိုင်းလ်ဖုန်း အများအပြားကို တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးမိတဲ့ကားပေါ်မှာ ကွန်ပျူတာ ၁၉ လုံး၊ မိုဘိုင်းလ်ဖုန်း ၁၂၉၁ လုံးနဲ့ ဆင်းကတ်အများအပြားကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပစ္စည်းတွေဟာ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို သယ်ဆောင်လာတာဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုမဲ့ ပစ္စည်းတွေလို့ ယူဆရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံပူးပေါင်းလှုပ်ရှားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်သရုပ်ဆောင် လူကုန်ကူးခံခဲ့ရပြီးနောက် ကျားဖြန့်လုပ်ငန်းတွေကြီးစိုးရာ မြဝတီနဲ့ ရွှေကုက္ကိုဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေတိုက်ဖျက်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ပြောထားသလို ထိုင်းအာဏာပိုင်တွေကလည်း နယ်စပ်တစ်လျှောက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။