ကိုရိုနာဗိုင်းရပ်စ်ကာလ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး အခြေအနေ

လုဆိုင်း
2020.07.16

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးတွေ အကြီးအကျယ် ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ ကိုဗစ်ဖြစ်ပြီး ငါးလအတွင်း ၁၁ ရာခိုင်နှုန်း၊ ထိုင်းဘတ်ငွေ ၇၃.၇၄ ဘီလီယံ  ကျဆင်းသွားတယ်လို့  ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေး ကျဆင်းမှုတွေ ရှိနေပေမဲ့ မြန်မာဘက်ကတော့ ထိုင်းနိုင်ငံလောက် ထိခိုက်တာ မရှိဘူးလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စီးဆင်းမှုက လုံးဝရပ်တန့်တာမျိုး ရှိမနေဘူးဆိုပေမဲ့  ထိုင်းဘက်နေ မြန်မာဘက်ကို သွင်းကုန်ပို့တာတွေတော့ ကျဆင်းသွားတယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့ဘက်ခြမ်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ကုန်သွယ်မှုတွေရှိနေတဲ့အတွက် မြန်မာကုန်သွယ်မှုမှာ ပမာဏ လျော့ကျသွားတာ မရှိဘူးလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလထိ နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၈၂၄ သန်း ရှိပြီး အခု ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၀ ခုနှစ် မေလထိ အမေရိကန်ဒေါ်လာ ၉၇၆ သန်း ရှိနေတဲ့အတွက် ကုန်စည်စီးဆင်းမှု ကျဆင်းသွားတာ မရှိဘူးလို့  ဦးတေဇာအောင်က ပြောပါတယ်။

ကိုဗစ်ကာလအတွင်းမှာ မြန်မာဘက်ခြမ်းကတော့ စက်သုံးဆီ၊ ပြောင်း၊ ဆန်ကွဲ၊ ပဲအမျိုးမျိုးစတဲ့ ကုန်ပစ္စည်းတွေ ပို့ပြီး တင်ပို့နိုင်ပေမယ့် ထိုင်းနိုင်ငံဘက်က ရုပ်မြင်သံကြား၊ လေအေးစက်၊ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေ တင်ပို့မှုမှာတော့ သုံးပုံတပုံလောက် ကျဆင်းသွားတယ်လို့ သူက ပြောပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အဓိကလမ်းကြောင်းတခုဖြစ်တဲ့ တာခ့်ခရိုင်အတွင်းက လှေဂိတ် ၃၀ ကျော်ကို ဇူလိုင်လ ၆ ရက်နေ့က ပြန်ပြီးဖွင့်ခဲ့ပေမဲ့ မြန်မာဘက်ခြမ်းကတော့ ပိတ်ထားတာပါ။

တရားဝင်ကုန်တင်ပို့မှုတွေကို  တခြားလမ်းကြောင်းတွေကနေ ဆက်ပြီးလုပ်နိုင်နေတာကြောင့်လှေဂိတ်တွေကို မြန်မာဘက်က ပိတ်ထားတဲ့အတွက် နစ်နာမှုတွေ မရှိနိုင်ဘူးလို့ ဦးတေဇာအောင်ကပြောပါတယ်။ မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်ဖွင့်ပြီး ဒေသတွင်း ထွက်ကုန်ပစ္စည်း ၁၄၆ မျိုးကို မြန်မာဘက်က တင်ပို့နိုင်ဖို့ ထိုင်းဘက်ကို ခွင့်ပြုချက်တောင်းခံထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ကို တရားဝင်ဖြတ်သန်းသွားလာခွင့်ရရှိရေး မြဝတီနယ်စပ်ကုန်သွယ်ရေးကနေ ထိုင်းဘက်ကို ဇူလိုင်လ ၁၁ ရက်နေ့က တင်ပြထားပါတယ်။

မကြာမီ ရက်ပိုင်းမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်လည် ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးတေဇာအောင်က ပြောပါတယ်။ ကုန်စည်စီးဆင်းမှုတွေ ပုံမှန်ရှိနေပေမဲ့ အကန့်အသတ်တွေနဲ့ လုပ်ကိုင်နေတာကြောင့် လက်လုပ်လက်စားတွေအတွက်တော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေး ထိခိုက်မှုတွေတော့ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

ကုန်သည်တွေအတွက်တော့ အမှတ် (၁) ချစ်ကြည်ရေးတံတားဖွင့်ပေမဲ့ ကုန်စည်စီးဆင်းမှုမှာ ကြန့်ကြာတဲ့အတွက် အောက်ဂိတ်လို့ခေါ်တဲ့ လှေဂိတ်တွေကို မြန်မာဘက်ခြမ်းက ဖွင့်ပေးဖို့ ပိုပြီး လိုလားတယ်လို့  မြန်မာကုန်သည်တစ်ဦးက ပြောပါတယ်။

ကုန်သည်တွေအနေနဲ့ လက်ရှိဖွင့်ထားတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ်ကနေ ကုန်တင်တဲ့အခါ ကုန်သည်တွေ လိုက်ပါသွားလို့ မရဘဲ ကုန်ပစ္စည်းတွေကို ကားသမားတွေနဲ့သာ တင်ပို့လိုက်ရတာတွေနဲ့ အကုန်အကျ ပိုများတယ်လို့လည်း ဆိုပါတယ်။

တင်းကျပ်ထားတဲ့အခြေအနေတွေကြောင့် နယ်စပ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တာတွေ၊ နေ့စားလက်လုပ်လက်စား စျေးသည်တွေကတော့ အခက်အခဲတွေ ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။

မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ၃၀ ကျော် ရှိတဲ့ထဲက မြန်မာနိုင်ငံ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကြားက ကုန်သွယ်ရေးစခန်းဟာ အကြီးဆုံးဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတွေကို မပြတ် သွားစေဖို့ အကန့်အသတ်နဲ့ တင်ပို့နေသလို၊ မြန်မာအလုပ်သမား ပြည်တော်ပြန်တွေကိုလည်း ချစ်ကြည်ရေးတံတား အမှတ် (၂)ကနေ ဖြတ်သန်းခွင့်ပြုနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။