နှစ်နိုင်ငံသဘောတူညီမှုနဲ့ မြန်မာလုပ်သားတွေ ထိုင်းမှာ အလုပ်လုပ်ခွင့်ရ

နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွာ (MOU) အရ မြန်မာအလုပ်သမား ၁၁၄ ဦး ထိုင်းနိုင်ငံ တောင်ပိုင်းကို ဇူလိုင် ၁ရက်နေ့က ရောက်ရှိလာပါတယ်။

ကန်ချနဘူရီခရိုင်မှာရှိတဲ့ အီလက်ထရွန်းနစ်စက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကနေ ရောက်ရှိလာတာလို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“MOU လုပ်သား ၁၁၄ ဦးဗျ။ ဒီနေ့ပေါ့နော်။ ဒါ ခုနှစ်ကြိမ်မြောက်ဝင်တာပဲ။ ကုမ္ပဏီ နှစ်ခုပေါ့နော်။ တခုက အစားအသောက်ကုမ္ပဏီ၊ နောက်တခုကတော့ ကန်ချနဘူရီ ကုမ္ပဏီလိမိတက်”

အလုပ်သမား ၉၈ ယောက်ပါ တစ်ဖွဲ့နဲ့ ၁၆ ယောက်ပါတစ်ဖွဲ့ နှစ်သုတ်ခွဲ ရောက်လာတာလို့လည်း ပြောပါတယ်။

MOU လုပ်သား ၉၈ ယောက်ဟာ အခမဲ့ ကုန်ကျစရိတ်ဝန်ဆောင်မှုစနစ် (MOU Zero Cost) နဲ့ ကန်ချနဘူရီ အီလက်ထရောနစ် စက်ရုံမှာ လုပ်ကိုင်ကြမယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထူးခြားချက်က zero cost ဆိုတာ အခမဲ့ ကုန်ကျစားရိတ် ဝန်ဆောင်မှုစနစ် ကုန်ကျစားရိတ် ပေးစရာမလိုဘူး အခမဲ့ပဲ၊ ဒါပထမဆုံးပဲ။ ထိုင်းနိုင်ငံမှာရှိတဲ့ ၅၆၀၀ ကနေ ၇၅၀၀ ပေးရတဲ့ကုန်ကျစရိတ်တွေ အခမဲ့။ မြန်မာနိုင်ငံကနေ ပို့တာလည်း အခမဲ့၊ အဲဒီအတွက် မြန်မာလုပ်သားတွေက သိန်း ၁၅ သိန်းကနေ ၂၀ ထိ သက်သာသွားတာပေါ့။ သူတို့ ကန်ချနဘူရီက စက်ရုံက လုပ်သားဟောင်းတွေ ဖြစ်ပုံရတယ်။ ကျွမ်းကျင်လုပ်သားတွေ ဖြစ်ဖို့များတယ်”

MOU လုပ်သားတွေခေါ်ယူတာ နှစ်နှစ်ကျော်ကြာ ဆိုင်းငံ့ထားခဲ့ရာက ဒီနှစ် မေ ၁၀ မှာ စတင်ခေါ်ယူခွင့်ပြုပါတယ်။

စစ်ကောင်စီ စာရင်းအရ မေနဲ့ ဇွန်လအတွင်း မဲဆောက်-မြဝတီလမ်းနဲ့ ကော့သောင်း-ရနောင်းလမ်းကနေ MOU လုပ်သားပေါင်း ၉၃၈၂ ယောက် ထိုင်းနိုင်ငံကို ရောက်လာခဲ့တယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

စားသောက်ကုန်၊ အထည်ချုပ်၊ဆောက်လုပ်ရေး၊ အီလက်ထရွန်းနစ် စတဲ့လုပ်ငန်းတွေမှာ MOU မြန်မာလုပ်သားတွေ လုပ်ကိုင်ကြပါတယ်။

ထိုင်းနိုင်ငံ စီးပွားရေး ပြန်ဦးမော့လာဖို့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သား ၁၄၄၇၀၉ ယောက်ကို ထိုင်းအလုပ်သမား ဦးစီးဌာနက အလုပ်လုပ်ကိုင်ခွင့်ပေးထားပါတယ်။

ဒီအထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သိန်း ၁ သောင်းကျော် ပါဝင်ပါတယ်။