ရှစ်ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၄၆၀ ကျော်ထိုင်းမှာ ဖမ်းဆီးခံရ

2022.04.10
ရှစ်ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၄၆၀ ကျော်ထိုင်းမှာ ဖမ်းဆီးခံရ ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ၂ဝ၂၂ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: Royal Thai Army

ထိုင်း-မြန်မာနယ်စပ်မှာ ရှစ်ရက်အတွင်း အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄၆၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့ကနေ ၈ ရက်နေ့ထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၆၇ ယောက်နဲ့ လူမှောင်ခိုပွဲစား လေးယောက် ဖမ်းဆီးခံရပြီး သင်္ကြန်တွင်းမှာ ပိုဝင်ရောက်လာမှာမို့ ထိုင်းက လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဧပြီမှာ ပြန်တက်လာတယ်။ ၈ ရက်အတွင်းမှာ ၄၆၇ ယောက်အဖမ်းခံရတယ်။ တရားမဝင် ခိုးဝင်တဲ့အရေအတွက် တစ်နေ့တခြား ပိုများလာတာ ဖြစ်သလို သူတို့ကို သယ်ဆောင်တဲ့ လူမှောင်ခိုတွေရဲ့ စားကျက်တွေ၊ စားခွက်တွေ ပိုဖြစ်လာနိုင်တယ်။ သင်္ကြန်ကို ကာပါ ယူပြီးတော့ ဝင်လာနိုင်တယ်။ ဒီအတွက် ထိုင်းဘက်ကလည်း လုံခြုံရေးကို တင်းကျပ်ထားတယ်”

တာခ့်ခရိုင် ဖုတ်ဖရာ့မြို့နယ်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၆ ယောက် ဧပြီ ၈ ရက်နေ့က ဖမ်းဆီးခံရပြီး ဒီထဲ ကလေးငါးယောက်ပါပါတယ်။

ကန်ချနဘူရီခရိုင်ကနေ ဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၅၀ ကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

“အဓိက မြန်မာနိုင်ငံရဲ့ အနေအထားက အခုနယ်စပ်မှာ ကရင်ပြည်နယ်တစ်ကြောမှာ စစ်ပွဲတွေ ပြန်လည်ပေါ်ပေါက်နေတာ၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ လုပ်ထုံး လုပ်နည်းတွေ တအားနှေးကွေးတာ။ အခုလို တရားဝင် MOU လမ်းကြောင်းတွေ ပေါ်ပေါက်ဖို့အတွက် နှောင့်နည်းနေတာ။ ကြန့်ကြာနေတာ။ အဆင်ပြေပြေ မဖြစ်တာ မြန်မာနိုင်ငံဘက်က အများကြီး လိုအပ်တယ်”

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ တာခ့်ခရိုင်၊ ချင်းရိုင်ခရိုင်နဲ့ ထိုင်း-မလေးရှားနယ်စပ် ဆုံခလာခရိုင် တွေကနေ တရားမဝင် ခိုးဝင်လာမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတာပါ။

မတ်လမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၀၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ကျော်ကနေ ၅၀၀၀ ကျော် ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။