ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်အခြေချနေထိုင်ဖို့ ကြောက်ရွံ့နေကြသလို ဒုက္ခသည်စခန်းမှာလည်း အနာဂတ်ဘာတွေဖြစ်လာမလဲ မရေရာမှုတွေနဲ့ ကြုံနေရတယ်လို့ ဒီနေ့ထုတ်ဝေတဲ့ ရိုက်တာ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်ပေါင်း ၉ သောင်းကျော်ကို ၂ဝဝ၅ ခုနှစ်က စတင်ပြီး အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ သြစတေလျနဲ့ တခြား အနောက်နိုင်ငံတွေမှာ အခြေချခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တတိယနိုင်ငံ အခြေချရေးအစီစဉ်ဟာ ၂ဝ၁၆ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်။
တစ်ချိန်ထဲမှာလည်း နိုင်ငံတကာအဖွဲ့စည်းတွေက ဒုက္ခသည်တွေကို ကူညီတာဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဆမတန် လျှော့ကျခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းတွေအရ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၉ သောင်း ၇ ထောင် ၅ ရာနီးပါးရှိပြီး ဒီအရေအတွက်ရဲ့ ထက်ဝက်ခန့်ဟာ ကလေးသူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၆၇ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာစာချုပ်ကို ချုပ်ဆိုထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ဒုက္ခသည်တွေအပေါ် ကူညီကယ်ဆယ်တာဝန်ယူမှုဟာ အနိမ့်ဆုံးအဆင့်မှာသာ ရှိတယ်လို့ ဆိုပါတယ်။
