ထိုင်းနိုင်ငံသား လေးဦးလွတ်ဖို့ စောင့်နေရကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးပြော

RFA Burmese
2024.12.10
ထိုင်းနိုင်ငံသား လေးဦးလွတ်ဖို့ စောင့်နေရကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးပြော ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) အား တွေ့ရစဥ်။
Bangkok Post

ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား လေးဦးလွတ်ဖို့ စောင့်ဆိုင်းနေရတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ့်သတင်းက ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ဖော်ပြပါတယ်။

ထိုင်းနိုင်ငံသားတွေ ပြန်လွှတ်ရေး ညှိနှိုင်းမှုတွေ ဆက်လုပ်နေရဆဲဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို သွားရောက်တွေ့ဆုံဖို့ မြန်မာအာဏာပိုင်တွေဘက်ကို တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

ထိုင်း-မြန်မာ နယ်ခြားစောင့်ကော်မတီ (TBC) နဲ့ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးအတွက် အာဏာပိုင်တွေက ညှိနှိုင်းဆောင်ရွက်ဖို့ မျှော်လင့်ထားပေမဲ့ အဲဒီကော်မတီထဲက မြန်မာကိုယ်စားလှယ်တွေကတော့ စစ်ကောင်စီရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာ ထိုင်းနိုင်ငံသား လေးဦးကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက်က ပြောထားပေမဲ့ ဆက်ပြီးဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်နေ့က ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်ထဲမှာ ထိုင်း ငါးဖမ်းစက်လှေ တစ်စင်းနဲ့ အဲဒီစက်လှေပေါ်မှာပါတဲ့ ထိုင်းနိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီငါးဖမ်းစက်လှေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ပစ္စည်းတွေ တွေ့ရတာကြောင့် စစ်ဆေးနေတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။