စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံက ထိုင်းလုပ်ငန်းအများစု ရပ်နား

RFA Burmese
2024.09.03
စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံက ထိုင်းလုပ်ငန်းအများစု ရပ်နား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Cement Public ကုမ္ပဏီလီမိတက်၏ အဆောက်အဦအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
REUTERS/Chaiwat Subprasom

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းရပ်နားပြီး မြန်မာနိုင်ငံကနေ ထွက်ခွာနေကြတဲ့အကြောင်း The Nations သတင်းက ဖော်ပြပါတယ်။

ထိုင်းဘိလပ်မြေလုပ်ငန်း Siam Cement Group (SCG) က ဘတ်ငွေ ရှစ်ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံထားတဲ့ မြန်မာနိုင်ငံက စက်ရုံနှစ်ရုံကို လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး စစ်ရေးပဋိပက္ခတွေကြားမှာ ဒီစက်ရုံတွေက စက်ပစ္စည်းတွေ ခိုးယူခံထားရတယ်လို့လည်း စက်တင်ဘာလ ၂ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက လုပ်ငန်းတွေ အချိန်တိုအတွင်း ပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ချက်မရှိဘဲ ဖြစ်နေပြီး ဝန်ထမ်းတွေရဲ့အသက်အန္တရာယ် မထိခိုက်အောင် ရပ်ဆိုင်းလိုက်ရတာဖြစ်တဲ့အကြောင်း SCG ကုမ္ပဏီ ဒုဥက္ကဋ္ဌက ပြောပါတယ်။

အလားတူပဲ ထိုင်းအဖျော်ယမကာလုပ်ငန်း OSP ကလည်း ဘတ်ငွေ ၁၃၆ သန်း တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ဖျော်ရည်ပုလင်းထုတ်လုပ်တဲ့ Myanmar Golden Eagle နဲ့ Myanmar Golden Glass အမှတ်တံဆိပ် လုပ်ငန်းတွေကို ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ပလတ်စတစ်နဲ့ ကုန်ပစ္စည်းထုပ်ပိုးတဲ့လုပ်ငန်း TPBI Public Company Limited ကလည်း စီးပွားရေးအရ မသေချာမှုတွေကြောင့် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်နားထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လက ကြေညာထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကုန်စည်ပြပွဲအခမ်းအနားတွေ စီစဉ်တဲ့ Grand Prix International Plc နဲ့ ဖျော်ဖြေရေး အခမ်းအနား ပွဲလမ်းတွေ စီစဉ်ပေးတဲ့ Index Creative Village ကုမ္ပဏီတွေကလည်း မနှစ်ကတည်းကစလို့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ထားတယ်လို့ ပြောပါတယ်။

Mama တံဆိပ် အသင့်စား ခေါက်ဆွဲထုပ်တွေ ထုတ်လုပ်တဲ့ Thai President Foods ကုမ္ပဏီကတော့ မန္တလေးမြို့က ဝန်ထမ်းတစ်ရာလောက်ရှိတဲ့ စက်ရုံကို ဆက်လက်လည်ပတ်နေဆဲဖြစ်ပေမဲ့ အခြေအနေတွေကို သတိထားစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလကတည်းက ကျဆင်းနေခဲ့ပြီး ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး ဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် အခြေအနေ ပိုဆိုးလာကြောင်း၊ လက်ရှိမှာလည်း စီးပွားရေး အခြေအနေပြန်ကောင်းလာမယ့် လက္ခဏာလည်း မတွေ့ရကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။