ထိုင်းနိုင်ငံမှာ နှစ် ၃ဝ အတွင်း တရားမဝင် မြန်မာလုပ်သားဖမ်းဆီးခံရမှု စံချိန်တင်

လုဆိုင်း (ထိုင်းနိုင်ငံ)
2021.11.11
ထိုင်းနိုင်ငံမှာ နှစ် ၃ဝ အတွင်း တရားမဝင် မြန်မာလုပ်သားဖမ်းဆီးခံရမှု စံချိန်တင် အောက်တိုဘာလကုန်ပိုင်းက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ်။
Photo: Citizen Journalist

မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမဝင်ခိုးဝင်လာသူ ၃၀၀၀ ကျော်ကို ၁၀ ရက်အတွင်းဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁ ရက်ကနေ သတင်းတပတ်အတွင်း မြန်မာနိုင်ငံသား ၂၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားသလို၊ နိုဝင်ဘာလ ၉ ၊ ၁၀ ၊ ၁၁ ရက် သုံးရက်အတွင်းမှာ မဲဆောက် မြဝတီနယ်စပ်၊ ကန်ချနဘူရီနယ်စပ်နဲ့ ချင်းမိုင်၊ ချင်းရိုင်နယ်စပ်ဘက်ကနေ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခံရပါတယ်။

၂၀၂၁ ခုနှစ်ဆန်းကနေ ၁၀ လအတွင်း ထိုင်းမြန်မာနယ်စပ်ကနေ အထောက်အထားမဲ့ဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား သုံးသောင်းကျော် ဖမ်းမိတယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို နေ့စဉ် ဖမ်းဆီးနေပေမဲ့ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်း ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမား ခိုးဝင်မှုအများဆုံး စံချိန်တင်ခဲ့တယ်လို့ အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC)က အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။

“လွန်ခဲ့တဲ့ ရက် ၃၀ အတွင်း ပြန်ကြည့်မယ်ဆိုရင် ပြောမယ်ဆိုရင် ဒါဟာ ထိုင်းမြန်မာနယ်စပ်တလျှောက် တရားမဝင်လမ်းက ဝင်တဲ့လူတွေ ဖမ်းဆီးမိတာ၊ ခိုးဝင်မှာအများဆုံး စံချိန်လို့တောင် ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်စိတ်ထင် လွန်ခဲ့တဲ့ရက်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသား အနည်းဆုံးလူဦးရေ လေးထောင်ကျော်လောက် ဖမ်းဆီးခံထိသွားပြီ။ ဒါဟာ ထိုင်းနဲ့ မြန်မာကြားမှာ တရားမဝင်ခိုးဝင်မှု သက်တမ်းတလျှောက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ သက်တမ်းတလျှောက် စံချိန်တင်ပြီးကြည့်လိုက်မယ်ဆိုရင် ဒါဟာ ခိုးဝင်မှုအများဆုံး စံချိန်လို့တောင် ပြောလို့ရပါတယ်”

ထိုင်း-မြန်မာနယ်စပ် တာခ်၊ ရနောင်း၊ ကန်ချနဘူရီ၊ ပရာကျွတ်ခရီခန်၊ ချင်းမိုင်၊မယ်ဟောင်ဆောင် စတဲ့ခရိုင်တွေ ကနေ နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာအလုပ်သမား တစ်ရက်ကို ထောင်ချီရှိနေတာဖြစ်ပြီး ဒါဟာ အရင်ကထက် အရေအတွက် သုံးလေးဆပိုများပြီး ဝင်လာကြတာ ဖြစ်တယ်လို့ ဦးရဲမင်းက ပြောပါတယ်။

မြန်မာရဲ့နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံကို အလုပ်သွားရှာဖို့ ပွဲစားတွေကို ငွေပေးပြီး တရားမဝင် နယ်စပ် ဖြတ်ကျော်သွားကြတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ၃၀၀ လောက် ဖမ်းဆီးခံနေရသလို အဖမ်းမခံရဘဲ လွတ်သွားတဲ့သူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားတွေအတွက် အထောက်အထားကတ်တွေ လုပ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် အလုပ်အကိုင်ရလိုဇောနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာကြတာဖြစ်တယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဒီလို တရားမဝင် ဝင်ရောက်တာတွေက ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်နဲ့ စီအိုင်တွေ လုပ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်တော့ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်မှာ ရှိတဲ့ပွဲစားတွေ ထိုင်းနိုင်ငံထဲကို မရရအောင် ဝင်ကြဟာ အတင်းဝင်ကြတာပဲ။ မြန်မာ့နိုင်ငံရေးမငြိမ်သက်မှု၊ အလုပ်အကိုင်ရှားပြီး ဝင်ငွေနည်းပါး၊ စောင့်မျှော်နေတဲ့ MoU လုပ်သားတွေ စိတ်မရှည်လို့ ကြိုးတန်းလမ်းလျှောက်ကြတာ.......”

ထိုင်းနိုင်ငံထဲ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလဝက အချုပ်၊ ရဲအချုပ်တွေမှာ မဆန့်တော့တဲ့ အတွက် ထိုင်းနယ်ခြားစောင့်တပ် အထူးတိုက်တွေမှာပါ ထိန်းသိမ်းထားပြီး နှစ်လ သုံးလကြာပြီးတဲ့နောက် မြန်မာအလုပ်သမားသံအရာရှိကနေတဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

thailand-1.jpg
အောက်တိုဘာလကုန်ပိုင်းက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ်။ (Photo: Citizen Journalist)

မြန်မာနိုင်ငံမှာ တစ်နှစ်ကျော် ရင်ဆိုင်ခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါအပြင် စစ်တပ်က အာဏာသိမ်းလိုက်လို့ ပြည်တွင်းစစ် ပိုပြင်းထန်လာပြီး ကဏ္ဍပေါင်းစုံ ယိုယွင်းလာနေတယ်လို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့တွေက ထောက်ပြ ပြောဆိုထားပါတယ်။

ထိုင်းအစိုးရက သူတို့နိုင်ငံစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ပို့ကုန်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ မြန်မာအပါအဝင် ကမ္ဘောဒီးယားနဲ့ လာအို အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေကို ခေါ်ယူဖို့ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။