ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MOU ရွှေ့ပြောင်းလုပ်သားတွေကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ကနေစပြီး ခေါ်ယူတော့မယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့ က ကျင်းပတဲ့ အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
ထိုင်းအစိုးရက သူတို့နိုင်ငံထဲ လုပ်ငန်းလိုအပ်ချက်အရ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေက MOU အလုပ်သမားတွေကို ခေါ်ယူတော့မှာ ဖြစ်ပါတယ်လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူ ဦးစူရချိုင်မင်းထွန်းက RFA ကို ပြောပါတယ်။
"အခုဝင်လာလို့ ရပြီဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးကြီးသော်ငြားလည်း တရားဝင် ဝင်လာတာကိုတော့ ဝမ်းသာတာပေါ့။ ဒါပေမဲ့ စရိတ်သက်သာစွာ ဝင်လာစေချင်တယ်"
“ခိုးဝင်တဲ့ အလုပ်သမားတွေ မရှိအောင်၊ အလုပ်သမားတွေ လျော့နည်းလာအောင်ဆိုပြီး မဖြစ်မနေ တင်သွင်းမယ်ဆိုတဲ့ အနေအထားမျိုး ကမ်းလှမ်းလာတာပေါ့နော်။ အချက် ၈ ချက်ကို ဖြတ်သန်းပြီးတော့မှ ထိုင်းနိုင်ငံကို ဝင်လာလို့ရမယ်။ ကိုဗစ်ရောဂါကာလမှာ ရွှေ့ပြောင်း MOU အလုပ်သမားတွေပေ့ါနော်။ ပြည်ဝင်နိုင်ရေးကို အဆိုတင်သွင်းတဲ့အခါမှာ ရောဂါထိန်းချုပ်ရေးကနေပြီးတော့ ၃၀ ရက်နေ့ နိုဝင်ဘာလ ၂၀၂၂ ကနေစပြီးတော့ ကျဟာငန်လို့ခေါ်တဲ့ အလုပ်အကိုင်ရှာဖွေရေးကနေပြီးတော့ စာရင်းတင်သွင်းလို့ ရပြီဆိုပြီးတော့ ထိုင်းဘက်ကတော့ ဝန်ကြီးများအစည်းအဝေးကနေ ထုတ်ပြန်လိုက်ပြီ”
MOU အလုပ်သမားတွေဟာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူတွေဟာ ၇ ရက် ကွာရန်တင်း ဝင်ရမှာ ဖြစ်သလို ကာကွယ်ဆေးတစ်ကြိမ်နဲ့ မထိုးရသေးတဲ့ အလုပ်သမားတွေက ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေ လျှောက်ထားရမယ် စတဲ့ အချက်တွေ အပါအဝင် အချက် ၈ ချက်ကို ပြုလုပ်ပြီး ထိုင်းနိုင်ငံထဲ ဝင်လာရမယ်လို့ ဦးစူရချိုင်မင်းထွန်းက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ တစ်နှစ်ကျော်ကြာ ထိုင်းနိုင်ငံထဲ ဝင်လာဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် တရားဝင် ဝင်လာခွင့်ရပြီး ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဦးစူရခိုင်မင်းထွန်းက ပြောပါတယ်။
“ကောင်းကျိုးပြောနိုင်တာကတော့ ကျနော်တို့လွတ်လပ်စွာ အလုပ်လာလုပ်ရတော့မယ်။ စိတ်မကောင်းစရာ အစုလိုက် အပြုံလိုက် အဖမ်းခံရတာ၊ ပြန်ပို့ခံရတာ မှတ်တမ်းတွေ ယူခံရတာ မှတ်တမ်းယူခံရတာ သမိုင်းပျက်တာပေါ့။ အဲဒါတွေလည်း မဖြစ်တော့ဘူးပေါ့။ ထိုင်းနိုင်ငံမှာ အိန္ဒြေရှိရှိနဲ့ ဘတ်စ်ကားတွေနဲ့ ဝင်လာလို့ ရတော့မယ်။ နောက်စိတ်မကောင်းစရာက ပွဲစားကို ခေါ်လာပြီး ကားမှောက်တော့ မြန်မာအလုပ်သမားတွေ နောက်ဆုံးသေရတဲ့ ဇာတ်လမ်းတွေ တွေ့နေရတယ်။ အခုဝင်လာလို့ ရပြီဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးကြီးသော်ငြားလည်း တရားဝင် ဝင်လာတာကိုတော့ ဝမ်းသာတာပေါ့။ ဒါပေမဲ့ စရိတ်သက်သာစွာ ဝင်လာစေချင်တယ်”
ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ နှစ်နှစ်အတွက် ဘတ် ၂၀၀၀၊ အလုပ်လုပ်ခွင့် workpermit နှစ်နှစ်စာ ၁၉၀၀ ဘတ်၊ ရောဂါ ၆ မျိုး စစ်ဆေးခံ ၅၀၀ ဘတ် ၊ ကျန်းမာရေး ၄ လစာအာမခံခ ၉၉၀ ဘတ်၊ ကိုဗစ်ရောဂါ နှစ်ကြိမ် စစ်ဆေးခ ၂၆၀၀၊ ကွာရန်တင်း ၇ ရက်အတွက် ၃၅၀၀ ဘတ်တို့ အပါအဝင် ကုန်ကျစရိတ် စုစုပေါင်း အနည်းဆုံး ဘတ်ငွေ ၁၁၄၉၀ ကနေ ၂၂၀၄၀ ဘတ်ထိ ကုန်မှာ ဖြစ်ပြီး ဒီကုန်ကျစရိတ်တွေကို အလုပ်ရှင်ဘက်က ကုန်ကျရမှာ ဖြစ်ပြီး လို့ သူက ပြောပါတယ်။
အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC)က အထွေထွေတာဝန်ခံ ဦးရဲမင်းက MOU လုပ်သားအသစ်တွေကို ခေါ်မယ့်အစား ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံဘက်ကို ပြန်သွားပြီး ပြန်လာလို့မရဘဲဖြစ်နေတဲ့ အလုပ်သမားတွေကို အရင်ခေါ်စေချင်တယ်လို့ ပြောပါတယ်။
“နောက်ထပ်လူသစ်တွေ ခေါ်ဖို့ ဆိုတာ နောက်ထားလိုက်။ အခုအရင်ကတည်းက ခေါ်ဖို့ သေချာနေတဲ့ တရားဝင်စာရွက်စာတမ်းတွေ ရှိထားတဲ့ ကိုဗစ်ကာလအရေးပေါ်စီမံချက်ဥပဒေကြောင့် နှစ်နိုင်ငံတံတားတွေ ပိတ်ဆို့ တရားဝင်ပိတ်ဆို့တဲ့နောက်ပိုင်း ရပ်တန့်သွားတဲ့ လုပ်ငန်းစဉ်ကိုပဲ ကျနော်တို့ကို ပြန်လည်ပြီး အကောင်အထည် ဖော်စေချင်တယ်။ လက်ရှိသွားဖို့ အဆင်သင့်ဖြစ်တဲ့လူတွေကိုပဲ အရင်ခေါ်စေချင်တယ်။ ဒါမှသာလျှင် နစ်နာသွားတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပြန်ပြီးတော့ သူတို့ရဲ့ ကုန်ကျစရိတ်တွေနဲ့အတူ သူတို့ ဝန်ဆောင်ခ ပေးထားတာတွေအတွက် သူတို့ ထိုင်းထဲ တရားဝင်ဝင်ရောက်ခွင့်ရမှာ”
ကရင်ပြည်နယ် မြဝတီမြို့က ကျောက်လုံးစခန်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားပို့ဆောင်ရေးဌာနခွဲ ပိတ်သွားပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို ဝင်လို့ မရတော့တဲ့ MOU အလုပ်သမား တစ်သိန်းခြောက်သာင်းလောက် ရှိတယ်လို့ ဦးရဲမင်းက ပြောပါတယ်။
တရားဝင်စာရွက်စာတမ်းတွေ ရှိပြီး ထိုင်းနိုင်ငံထဲဝင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာအလုပ်သမားတွေကို အရင်မခေါ်ဘူးဆိုရင် သူတို့တွေကို မျက်ကွယ်ပြုရာကျပြီး ထိုင်းအစိုးရဘက်က ပြန်သုံးသပ်စေချင်တယ်လို့ သူက ဆိုပါတယ်။
အရင်က တရားဝင် MOU လုပ်သားတစ်ဦးမှာ ကုန်ကျစရိတ် ကျပ် တစ်သိန်းကျော် သတ်မှတ်ထားပေမယ့် အေဂျင်စီနဲ့ လုပ်တဲ့အခါမှာ ကျပ်ငွေ ၇ သိန်းကနေ ၁၅ သိန်း(ထိုင်းဘတ်ငွေ နှစ်သောင်းကျော်ကနေ သုံးသောင်းထိ)ပေးရတယ်လို့ ဦးရဲမင်းက ပြောပါတယ်။
ထိုင်းအစိုးရက သူ့နိုင်ငံထဲ လုပ်ငန်းလိုအပ်ချက်အရ MOU ရွှေ့ပြောင်းလုပ်သား ၄ သိန်းကျော်ကို ခေါ်ယူမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက ၂ သိန်းကျော် ခေါ်ယူမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းဖြစ်တဲ့ အစားအစာ၊ ရာဘာထုတ်လုပ်ရေးတွေ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ပင်လယ်စာလုပ်ငန်းတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကို မှီခိုအားထားရတာ ဖြစ်ပါတယ်။
ကိုဗစ်အရေးပေါ်ကာလအတွင်း အလုပ်အကိုင်မရှိတာတွေကြောင့် ထိုင်းနိုင်ငံကနေ မြန်မာအလုပ်သမားတွေ တစ်သိန်းကျော် နေရပ်ပြန်သွားခဲ့တာဖြစ်ပါတယ်။