မီးဖြတ်လိုက်လို့ တရားမဝင်လုပ်ငန်းတွေမှာပါဝင်တယ်လို့ စွပ်စွဲလို့မရတော့ဟု ထိုင်းပြော

RFA Burmese
2025.02.05
မီးဖြတ်လိုက်လို့ တရားမဝင်လုပ်ငန်းတွေမှာပါဝင်တယ်လို့ စွပ်စွဲလို့မရတော့ဟု ထိုင်းပြော ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့မှ အဆောက်အဦများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
RFA

ငွေလိမ်လုပ်ငန်းတွေကို ပိတ်သိမ်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်က နေရာငါးခုမှာ လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီဖြတ်လိုက်တာကြောင့် တရားမဝင်လုပ်ငန်းတွေမှာ ထိုင်းနိုင်ငံအနေနဲ့ ပါဝင်နေတယ်ဆိုပြီး ဘယ်သူကမှ အပြစ်တင်လို့မရတော့ဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ် Anutin Charnvirakul က ပြောလိုက်ပါတယ်။

"လျှပ်စစ်ဓာတ်အားရရှိတာ နည်းသွားလို့သူတို့တွေ (တရားမဝင်လုပ်ငန်းတွေ) စိန်ခေါ်မှုတွေ ကြုံတွေ နိုင်ပေမဲ့ ထိုင်းနိုင်ငံက တရားမ၀င်လုပ်ရပ်တွေကို ပံ့ပိုးကူညီတာမှာ ပါဝင်နေတယ်လို့ ဘယ်သူကမှ အပြစ်မတင်နိုင်တဲ့ အနေအထားကို ရောက်သွားပါပြီ။” လို့ ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ Anutin Charnvirakul က ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထိုင်းအစိုးရက ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီကစပြီး တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိရာ နေရာငါးခုမှာ စုစုပေါင်းလျှပ်စစ် ၂၀.၃၇ မဂ္ဂါဝပ် ဖြတ်တောက်ခဲ့ပါတယ်။

ဒါဟာ ထိုင်းအစိုးရအတွက် တစ်နှစ်ဝင်ငွေ ဘတ်ငွေ သန်း ၆၀၀ (ဒေါ်လာ ၁၇ ဒသမ ၈၄ သန်း) ဆုံးရှုံးမယ်လို့ ထိုင်းခရိုင် လျှပ်စစ်အာဏာပိုင်က ပြောထားပါတယ်။

ငွေလိမ်လုပ်ငန်းတွေဟာ လျှပ်စစ်မီးရဖို့ တခြားနည်းလမ်းနဲ့ကြိုးပမ်းတာ ဒါမှမဟုတ် ကိုယ်ပိုင်ထုတ်လုပ်တာတွေ လုပ်လာနိုင်တယ်လို့လည်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောတဲ့အကြောင်း Reuters သတင်းက ဖော်ပြထားပါ တယ်။

၂၀၂၃ ခုနှစ်က ကုလသမဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုမှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် အပါအဝင် အရှေ့တောင်အာရှက လိမ်လည်မှုလုပ်ငန်းတွေထဲကို လူသိန်းပေါင်းများစွာ ရောက်ရှိသွားနိုင်ပြီး ဒီလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ငွေဝင်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။