တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော်အတွက် စားနပ်ရိက္ခာသယ်ယူဖို့ ခက်ခဲနေတယ်လို့ တောင်ပျောက် တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က RFA ကို ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ တောင်ပျောက်တိုက်နယ်အတွင်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ အများစုနေထိုင်ပါတယ်။
အဲ့ဒီနေရာကို သွားဖို့ လမ်းတစ်ခုပဲရှိပြီး အဲ့ဒီလမ်းမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတာကြောင့် စားနပ်ရိက္ခာသယ်ယူဖို့ ခက်ခဲနေတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အဓိက အခက်အခဲကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ကူညီရေးအဖွဲ့မှာ ရှိတဲ့ ရိက္ခာက တစ်လစာတောင် လုံလုံလောက်လောက် ရှိမနေတော့ဘူး။ အပြင်မှာ ရှိနေ ရင်တောင် သယ်လို့မရတဲ့ အနေအထား ရှိနေတဲ့ အခါကျတော့ အဲ့ဒီမှာ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ပြီးရင် လမ်းကြောင်းကလည်း အခုအချိန်အထိ မဖွင့်သေး တော့ ထပ်သယ်လို့လည်း မရဘူး ဖြစ်နေတယ်"
စစ်ကောင်စီတပ်က ဇူလိုင်လ ၃ ရက်ကစပြီး အိမ်ထောင်စုတစ်စုကို ဆန်းငါးအိတ်ထက် ပိုသယ်ခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၃ ရက်နေ့က တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းထိုးဝင်ရောက်တဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်ဦးရေ မြင့်တက်လာတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။
တောင်ပျောက်တိုက်နယ်ထဲမှာ သဲချောင်းကြီး၊ အလယ်စု၊ တောင်ပျောက်၊ ဝင်းကဖော်၊ ကျွဲခြံ၊ ကျောက်အိုင်၊ မယ်ကဲ၊ ရေပူ စတဲ့ ရွာတွေက အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည် စခန်း၊ နီးစပ်ရာ မြို့ရွာတွေနဲ့ ဘေးလွတ်ရာ တောတောင်တွေထဲမှာ နေထိုင်နေကြရတာပါ။