စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ၂၈ ကြိမ်တိုင်တိုင်မီးရှို့ခံခဲ့ရပြီး အိမ်ပေါင်း ၁၃ဝဝ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးကော်မတီ (TPAC) က ပြောပါတယ်။
TPAC က ထုတ်ပြန်လာတဲ့ ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ အခိုင်အမာဆောက်ထားတဲ့ အဆောက်အအုံတွေဟာ လုံးဝပြာကျတဲ့အထိ မီးရှို့ခံထားရတာကို တွေ့ရပါတယ်။
ထန်တလန်မှာ အိမ်ခြေပေါင်း ၂ဝဝဝ လောက်ရှိတာမို့ မြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက် မီးလောင်တိုက် သွင်းခံရတာဖြစ်ပါတယ်။

နေအိမ်တွေတင်မက ခရစ်ယာန်ဘုရားကျောင်းတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ထန်တလန် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းအပါအဝင် အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့ ဘုရားကျောင်း ၁၁ ကျောင်းရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တစ်လတည်းမှာတင် စစ်ကောင်စီတပ်သားတွေဟာ ထန်တလန်က အိမ်အလုံးပေါင်း ၁၁၇ လုံးနဲ့ ဘုရာကျောင်း သုံးကျောင်းကို မီးရှို့ဖျက်စီးခဲ့တယ်လို့ TPAC ကပြောပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသခံတွေဟာ ချင်းဒေသခံခုခံကာကွယ်ရေးတပ် CDF ဖွဲ့စည်းပြီး စစ်ကောင်စီကို ရရာလက်နက်စွဲ ပြန်တိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ထန်တလန်မြို့က ဒေသခံ တစ်သောင်းလောက်ဟာ မြို့မှာမနေရဲဘဲ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
ဒေသခံ ၄၅ဝဝ လောက်ဟာ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ မီဆိုရမ်ဘက် ထွက်ပြေးသွားရတယ်လို့ ဆိုပါတယ်။
ထန်တလန်မှာ မီးရှို့ခံရတဲ့ လုပ်ရပ်တွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက သက်သေနဲ့ တကွပြောဆိုနေပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့လုပ်တာမဟုတ်ဘူးလို့ တစိုက်မတ်မတ် ငြင်းနေပါတယ်။