ရွှေဘိုမြို့နယ် သပြေသာရွာ မီးရှို့ခံရပြီး လူလေးဦး သတ်ဖြတ်ခံရ

RFA Burmese
2024.12.12
ရွှေဘိုမြို့နယ် သပြေသာရွာ မီးရှို့ခံရပြီး လူလေးဦး သတ်ဖြတ်ခံရ ရွှေဘိုမြို့နယ်၊ သပြေသာရွာရှိ နေအိမ်များ မီးရှို့ခံရသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ Myaelatt Athan

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းပြီးနောက် နေအိမ်သုံးဆယ်ကျော်ကို မီးရှို့ခဲ့ပြီး မီးလောင်ခဲ့တဲ့ နေအိမ်တွေထဲ သတ်ဖြတ်ခံရတဲ့သူ လေးဦးရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ပြောပါတယ်။

အင်အား နှစ်ရာခန့်ပါတဲ့ ရွှေဘိုမြို့အခြေစိုက် ခလရ (၄၂) တပ်ရင်းနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က သပြေသာရွာကို နှစ်ရက်တာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ စစ်ကြောင်းပြန်ထွက်ချိန် ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သပြေသာရွာထဲမှာ သတ်ဖြတ်မီးရှို့ခံရတဲ့ ရုပ်အလောင်းတွေဟာ အဲဒီရွာခံတွေ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပြေသာရွာနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီတိုင်း ဘာမှမရှိဘဲ စစ်ကြောင်းထိုးလာတာဆိုတော့ နယ်မြေရှင်းလင်းရေး လုပ်တယ်လို့ ယူဆရတာပေါ့။ အဲဒီနားက ပျူတွေနဲ့ ရွှေဘိုက စစ်တပ်ရယ် ပေါင်းပြီးရှို့တာ။ ရွာလယ်ကောင်တစ်ကြောက အိမ်သုံးဆယ်ကျော် မီးရှို့သွားတာပဲ။ အလောင်းတွေက သူတို့လာတုန်းက ခေါ်လာတဲ့သူ လေးယောက်လို့ ပြောတယ်။ အလောင်းတွေက မပီပြင်တော့ဘူး။ ယောက်ျားလေး မိန်းကလေး ခွဲမရဘူး။ ရွာခံတွေလည်း မဟုတ်ဘူး။ ဒီနား ပတ်ချာလယ်ကလည်း မဟုတ်ဘူး”

စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် သပြေသာရွာခံအများစုက ရွာထဲ မဝင်ရဲကြသေးဘူးလို့ သူက ပြောပါတယ်။

အိမ်ခြေနှစ်ရာခန့်ရှိတဲ့ သပြေသာရွာဟာ ရွှေဘိုမြို့ရဲ့အနောက်ဘက် တစ်မိုင်ခန့်သာဝေးပြီး ပျူစောထီးအဖွဲ့တွေရှိတဲ့ ရွာတွေနဲ့ နီးကပ်နေသလို ဝင်ရောက်မီးရှို့ခံရတာ သုံးကြိမ်ခန့် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စက်တင်ဘာ ၁၂ ရက်နေ့ကလည်း သပြေသာရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ထနောင်းဝန်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဥ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။