သာပေါင်း လယ်သိမ်းမှု တောင်သူတွေ ရာနဲ့ချီ ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၃၀၀ နီးပါး ပြန်လည်ရရှိဖို့အတွက် ဒေသခံတောင်သူ ၂၀၀ လောက်က သာပေါင်းမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ သပြေကျွန်းကျေးရွာသား ဦးတင်စိုးက လျော်ကြေးပေးတာ၊ အစားထိုးမြေနေရာ ပေးတာတွေမရှိဘဲ လယ်ယာမြေသိမ်းယူခံရတာကို နိုင်ငံတော်အစိုးရသိအောင် ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့မြေတွေ သိမ်းဆည်းခံရတာပါ၊ တစ်ဧကမှ ပြန်မရသေးပါဘူး၊ လယ်ယာမြေအစားပေးတာ တို့ လျော်ကြေးပေးတာတို့ မရှိဘူးခင်ဗျ၊ အသားလွတ်အသိမ်းခံခဲ့ရတာ၊ ကျနော်တို့အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ လိမ်လည်မှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကို နိုင်ငံတော်အကြီးအကဲတွေကို သိစေချင်တယ်ပေါ့နော်"

သာပေါင်းမြို့နယ် ကျွန်းလျားကြီး၊ ကွင်းကောက်၊ ရေကြီးတက်၊ ကွင်းပေါက်၊ သပြေကျွန်း၊ ရွှေဇံအိုး၊ ပျဉ်းမတော စတဲ့ ကျေးရွာအုပ်စု ၈ အုပ်စုက လယ်ယာမြေဧက ၃၀၀ နီးပါးကို ဧရာရွှေမြေကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။