ပဲခူးတိုင်း သာယာ၀တီအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်ကို ကန့်သတ်ထားလို့ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားအားလုံး စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ အကျဉ်း ထောင်နဲ့ နီးစပ်သူတွေက ဩဂုတ်လ ၂၉ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နယ်ဝေးကနေ ပုဂ္ဂလိက အမြန်အချောပို့လုပ်ငန်းနဲ့ ထောင်ဝင်စာပို့တာကို လက်မခံတော့ တာ၊ အိမ်ထောင်စု စာရင်းမှာပါတဲ့ မိသားစုဝင်တစ်ဦးက လူကိုယ်တိုင်ပို့မှ လက်ခံတာ၊ ထောင်ဝင်စာပို့တဲ့ ပစ္စည်းပမာဏ ကိုလည်း ကန့်သတ်လျှော့ချလိုက်တာတွေကြောင့် အခက်အခဲတွေ ဖြစ်နေတာလို့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအထိမ်းအမှတ်နေ့ မတိုင်ခင် ဩဂုတ်လ ၆ ရက်နေ့ကတည်းက တင်းကျပ်လိုက်တာဖြစ်ပြီး လက်ရှိမှာ ရက်ကြာလာတဲ့အတွက် ထောင်ထဲက အကျဉ်းသားတွေ စားသောက်ရေး ခက်ခဲလာတာလို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက လူချင်းလည်းမတွေ့ရဘူး။ လူချင်းမတွေ့ရတာ လက်ခံသေးတယ်။ ထောင်ဝင်စာလေးတော့ ပြည့်ပြည့်၀၀ ပို့ချင်တာပေါ့။ အခုက ရက်ကြာလာတော့ ကလေးတွေ ဒုက္ခရောက်နေပြီ။ ထောင်ဝင်စာကို ပှံမှန်လေးပို့ခွင့်ရဖို့ အမြန်ဆုံး ပြန်ဖွင့်ပေးစေချင်တယ်”
အခုလို ကန့်သတ်တာတွေမတိုင်ခင်က ထောင်ဝင်စာကို လူတစ်ဦး တစ်လစာလုံလောက် နိုင်တဲ့ ပမာဏထိ ပို့ခွင့်ရပေမယ့် လက်ရှိမှာ အသားဟင်းကို ၂၅ ကျပ်သား၊ ကော်ဖီမစ် ခုနစ်ထုပ်၊ ကြက်သွန်အဖြူ၊ အနီ ၂၅ ကျပ်သား၊ ဆီ တစ်ဘူး စတဲ့ ပမာဏအနည်းငယ်ပဲ ပို့ခွင့်ရတော့သလို အမျိုးအစားကိုလည်း ခုနစ်မျိုးထက်ပိုပြီး ပို့လို့ မရတော့ဘူးလို့ သူက ဆိုပါတယ်။
သာယာ၀တီအကျဉ်းထောင်ကို တခြားပြည်နယ်နဲ့ တိုင်းတွေက ထောင်ပြောင်းရောက်လာ ကြတဲ့ အကျဉ်းသားတွေလည်းရှိနေပြီး နယ်ဝေးလာလာပို့သူတွေရဲ့ ထောင်ဝင်စာလည်း ပမာဏ နည်းနည်းပဲ ထောင်ထဲကို သွင်းခွင့်ရတဲ့အတွက် အခက်အခဲဖြစ်ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“နယ်ဝေးက ထောင်ဝင်စာလာပို့တဲ့သူတွေဆိုတော့ သူတို့က တစ်ခေါက်လာဖို့ မလွယ် ဘူးလေ။ အဲဒါ သူတို့ယူလာတဲ့ ထောင်ဝင်စာပစ္စည်းတွေက အကုန်ပြန်သယ်သွားရတယ်။ နည်းနည်းပဲ သွင်းခွင့်ရတယ်။ တချို့ကလည်း ထောင်ဝင်စာမလာတော့ အထဲမှာ ဝေစား၊ မျှစားရတာတွေရှိတယ်။ အခုက ပုံမှန်ပါဆယ် ပို့နိုင်တဲ့သူတောင် နည်းနည်းပဲ ပို့ရတော့ အကုန်ကျပ်တည်းသွားတာပေါ့။ ကော်ဖီမစ် ခုနစ်ထုပ် ဆိုတာဗျာ အကျဉ်းသား တစ်ယောက်တွက် တစ်ပတ်စာပဲရှိတယ်”
ထောင်ဝင်စာကို လူကိုယ်တိုင်အပြင် အစိုးရစာတိုက်ကနေ ပို့တာကိုခွင့်ပြုထားပေမယ့် ကြန့်ကြာတာနဲ့ တခြားအခက်အခဲတွေကြောင့် စာတိုက်က ပို့တဲ့နည်းလမ်းကလည်း အဆင်မပြေဘူးလို့ သူက ဆိုပါတယ်။
ထောင်ထဲမှာ ထောင်အာဏာပိုင်တွေ ဖွင့်ထားတဲ့ စျေးဆိုင်ရှိပေမယ့် ကော်ဖီမစ်အသေး တစ်ထုပ်ကို ကျပ် ၂၀၀၀ ထိစျေးပေါက်နေပြီး စားဆီတစ်လီတာကို ကျပ်တစ်သောင်းထိ စျေးကြီးပေးဝယ်နေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ နေပြည်တော်က အကျဉ်းဦးစီးဌာနရုံးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
သာယာ၀တီအကျဉ်းထောင်ထဲမှာ အမှုရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေး အကျဉ်းသား ၇၀၀ ကနေ ၉၀၀ ကြား အရေအတွက်ရှိနိုင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ် သူတွေက ပြောပါတယ်။
အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ လူချင်းတွေ့ဆုံခွင့်ကိုတော့ ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်ကပ်ရောဂါ စည်းကမ်းကန့်သတ်ချက်တွေကြောင့် ပိတ်ထားခဲ့ပြီး၊ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း အဲဒီ အကြောင်းပြချက်နဲ့ပဲ ထောင်ဝင်စာပစ္စည်းသာပေးခွင့်ရပြီး လူကိုယ်တိုင်တွေ့ခွင့်ကို စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားပါတယ်။
၁၉၉၉ ခုနှစ်ကစလို့ မြန်မာပြည်က အကျဉ်းထောင်တွေကို ဝင်ထွက်ကူညီခွင့်ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာလည်း ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ် ၁၉ ကပ်ရောဂါကာလ ကန့်သတ်ချက်ကြောင့် အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့် ရပ်သွားပြီး အာဏာသိမ်းနောက်ပိုင်းမှာလည်း စစ်ကောင်စီက ဝင်ခွင့်မပြုတော့ပါဘူး။
ICRC ကတော့ အကျဉ်းသားတွေအားလုံး ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ရေးနဲ့ ထိန်းသိမ်းရေးစခန်းတွေကို ပြန်လည်ဝင်ရောက်လှည့်လည်နိုင်ရေးက ဦးစားပေးအနေနဲ့ ဆက်ရှိနေမှာဖြစ်ပြီး ပြန်လည် ဝင်ရောက်ခွင့်ရဖို့လည်း ကြိုးပမ်းနေတယ်လို့ RFA ကို ၂၀၂၃ ခုနှစ် ဇွန်လထဲမှာ ဖြေဆိုထားပါတယ်။
ဒီလိုဝင်ရောက်ခွင့်ရမှလည်း အကျဉ်းသားတွေရဲ့ လိုအပ်ချက်ကို မှန်မှန်ကန်ကန် အကဲဖြတ် နိုင်မှာဖြစ်သလို လုံလောက်တဲ့ ပံ့ပိုးတာတွေ လုပ်နိုင်မယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၁၉,၉၅၀ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး အဲဒီအထဲက ၇၁၉၈ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။