မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းထားတဲ့ ရွာသားနှစ်ဦး အမှုကလွတ်


2019.06.11
thayetpyin-village-622.JPG ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာမြေပုံ
Credit: Google Map

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာသား နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) (၂) တို့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တရားစွဲထားတာကို ဘူးသီးတောင်မြို့နယ် တရားရုံးက ပယ်ချလိုက်ပြီး တရားစွဲခံရသူတွေကို ဒီနေ့ အပြီးသတ် လွှတ်ပေးလိုက်ပါတယ်။


တရားလိုပြသက်သေတွေရဲ့ တရားရုံးထွက်ဆိုချက်တွေအရ တရားစွဲခံရသူတွေဟာ AA အဖွဲ့နဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားမတွေ့ရတာကြောင့် ဘူးသီးတောင်မြို့နယ် တရားသူကြီး ဦးဉာဏ်ဝင်းက အခုလို လွှတ်ပေးလိုက်တာလို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က သရက်ပြင်အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်၊ ဦးအောင်ထွန်းစိန်၊ ဦးဌေးအောင်နဲ့ ဦးမောင်ကျော်ဝင်းတို့ကို AA တပ်ဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒု-ရဲအုပ် မျိုးဇော်ဦးက တရားလိုလုပ် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဦးမောင်သန်းလှိုင်နဲ့ ဦးအောင်ထွန်းစိန် တို့ကတော့ မူလကတည်းကစွဲချက်မတင်ဘဲ တရားရုံးက လွှတ်ပေး လိုက်ပါတယ်။

ဦးဌေးအောင်နဲ့ ဦးမောင်ကျော်ဝင်းတို့ကိုတော့ စွဲချက်တင်ထားရာကနေ တရားလိုပြသက်သေ ၇ ဦးတို့ရဲ့ တရားရုံးမှာ မှန်မှန်ကန်ကန်ထွက်ဆိုခဲ့တာတွေကြောင့် တရားသူကြီးကလည်း အခုလို ဆုံးဖြတ်ပေးလိုက်တာလို့ ပြောပါတယ်။

တရားလိုပြသက်သေတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ ရွာသားတွေထဲက မွတ်ဆလင်တွေကလည်း လာရောက်ထွက်ဆို ခဲ့ကြတာလို့ ပြောပါတယ်။

ရှေ့နေသက်တမ်း ၃၇ နှစ်တာကာလအတွင်း မဆလ အစိုးရ၊ တပ်မတော်စစ်အစိုးရ၊ သမ္မတဦး သိန်းစိန်အစိုးရနဲ့ လက်ရှိကာလအချိန်အထိ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)(၂) အမှုတွေမှာ ခုလိုလွတ်မြောက်သွားတယ် ဆိုတာမျိုး မကြုံခဲ့ဖူးလို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒါကြောင့် လွတ်လပ်တဲ့တရားစီရင်ရေးရှိနေပါလားဆိုတဲ့ ရောင်နီအစပျိုးနေပြီလို့ ဆိုချင်ကြောင်းလည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။