ကချင်ပြည်နယ် ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်တွေက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စခန်းတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဒီကနေ့ တိုက်ခိုက်ခဲ့တယ်လို့ KIO သတင်းနှင့် ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဆယ်ဇင်းဘက်မှာ ဒီနေ့လည်း တပ်ရင်း (၂၆) ဋ္ဌာနချုပ်ကို လေယာဉ်နဲ့ လာပစ်တယ်။ ပြီးတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာလည်း လာပစ်တယ်။ ဝိုင်းမော်ဘက်မှာလည်း (၅၈) တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ဝူထောင်ဘက်ကနေလည်း ပစ်နေတယ်။ ဆယ်ဇင်းဘက်မှာလည်း စစ်ကောင်စီတပ်တွေ ထိုးလာလို့ တိုက်ပွဲဖြစ်တာပေါ့။ ဝိုင်းမော်ဘက်လည်း အဲလိုပဲ။ ပြောရမယ်ဆိုရင်တော့ ဒီအတောအတွင်း စစ်ကောင်စီဘက်က တော်တော် လှုပ်ရှားတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ ကချင်ပြည်နယ်အနှံ့မှာ စစ်ရေးလှုပ်ရှားမှုရှိတယ်။ ရှထူးဇွပ်ဘက်မှာလည်း ကျနော်တို့ စခန်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ လာပစ်ပြီး သိမ်းလိုက်တယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တနိုင်းမြို့နယ်မှာရှိတဲ့ KIA တပ်ရင်း ၁၄ လက်အောက်က တပ်စခန်းတစ်ခုကို စစ်ကောင်စီလက်အောက်ခံ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က သိမ်းခဲ့တာဖြစ်ပြီး၊ KIA ရဲဘော်နှစ်ယောက်လည်း ကျဆုံးခဲ့ပါတယ်။
ဆယ်ဇင်းရွာဘက်ကို ဇူလိုင်လ ၁၆ ရက် စနေနေ့ကတည်းက လေကြောင်းကနေပါ တောက်လျှောက် ထိုးစစ်ဆင်နေတဲ့အတွက် ရဟန်းသံဃာအပါအဝင် ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့လည်း မနက်ကတည်း ဖြစ်နေတာ အခုတော့ မိုးတအားရွာနေလို့ ပြန်ငြိမ်နေတယ်။ လေယာဉ်နှစ်စီးနဲ့ နှစ်ကြိမ်တောင် လာပစ်တယ်။ ခုနက လာပစ်တာက ရွာလယ်မှာကို လာချသွားတာ၊ ကျနော်တို့ရွာက ဘုန်းကြီးကျောင်းကို ထိတယ်။ ကိုယ်ရင်တပါးလည်း ထိတယ်လို့ ကြားတယ်။ ကိုယ်ရင်ရဲ့အခြေအနေတော့ အသေးစိတ် မသိသေးဘူး။ ကျနော်တို့လည်း အပြင်မထွက်ရသေးတော့” လို့ ဆယ်ဇင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်ကနေ ဆယ်ဇင်းရွာဘက်ကိုလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေသလို၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာအုပ်စု မန်စိမ်းချောင်းကြိုးတံတားမှာလည်း ဆယ်ဇင်းရွာဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အကြား တိုက်ပွဲဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က KIA တပ်ရင်း (၃) ရှိရာ နန်ဇော်ယာန်ရွာဘက်ကိုတော့ စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့ကနေ ဇူလိုင်လ ၁ဝ ရက်ကစပြီး ဒီနေ့အထိ ထိုးစစ်ဆင်နေတာပါ။
လက်နက်ကြီးသံတွေကို ဝိုင်းမော်ကနေ ဒီနေ့ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ရှမ်းပြည်မြောက်ပိုင်း နမ့်ကွက်ကျေးရွာနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း ဒီညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KIA တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ခဲ့သလို၊ ကွတ်ခိုင်မြို့ ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။