လာမယ့် ၁၀ နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးဆောင်ရွက်မည်

နောင်လာမယ့် ၁၀ နှစ် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးက နေရာလပ်မကျန် လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။

လက်ရှိမှာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုဟာ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်း ရှိပြီဖြစ်တာကြောင့် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲမှာ သမ္မတက အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်မှာ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလကနေ ဒီနေ့အထိ လျှပ်စစ်ကဏ္ဍမှာ ငွေကျပ် ဘီလီယံ ၂၃၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ် မဂ္ဂါဝပ် ၉၀၀ ကျော် ထပ်တိုးထုတ်လုပ်နိုင်ခဲ့သလို ၂၀၂၀ နှစ်လယ်မှာ နောက်ထပ် မဂ္ဂါဝပ် ၁၀၀၀ ကျော် ထပ်မံထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ကရင်ပြည်နယ် မြဝတီမြို့၊ ရခိုင်ပြည်နယ် မောင်တောမြို့တွေကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ပြီး လာမယ့် ၂၀၂၀ မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံဒေသကို လျှပ်စစ်ဓာတ်အား ပေးပို့နိုင်မှာဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မော်လမြိုင်- ရေး-ထားဝယ် ဓာတ်အားလိုင်းကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် တနင်္သာရီတိုင်း ထားဝယ်ဒေသကို လျှပ်စစ်ဓာတ်အား ပေးနိုင်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အလတ်စားနဲ့ အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပိုမိုအားပေးဖို့ လိုအပ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

အစိုးရက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေတာတွေရှိသလို တဖက်ကလည်း ဒေသခံတွေက သူတို့ဒေသတွေမှာ အကောင်အထည်ဖော်မယ့် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေကို ကန့်ကွက်နေတာလည်း ရှိပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေ ကျေးရွာအနီးမှာ လျှပ်စစ် မဂ္ဂါဝပ် ၆၂၂ ထွက်မယ့် စီမံကိန်း (၁) နဲ့ မြောက်ဦးမြို့နယ် စိုင်းဒင်ကျေးရွာမှာ လျှပ်စစ် ၁၀၅ မဂ္ဂါဝပ် ထွက်ရှိမယ့် စီမံကိန်း (၂) ကို တည်ဆောက်ဖို့ အစိုးရက လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေပြီး ဒါကို ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတချို့က ကန့်ကွက်နေကြပါတယ်။

ဒါ့အပြင် နမ္မတူမြစ်လို့ ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ နဲ့ နောင်ချို မြို့နယ်တွေက ရေအားလျှပ်စစ်စီမံကိန်းတွေကိုလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် စိုက်ပျိုးမြေတွေဆုံးရှုံးမှာဖြစ်လို့ သဘောမတူကြောင်း ဒေသခံတွေက ဆန္ဒထုတ်ဖော်မှုတွေ မကြာခဏဆိုသလို ပြုလုပ်နေပါတယ်။

မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်ဖို့ရှိတဲ့ ရေကာတာစီမံကိန်း ၃ ခုရှိပါတယ်။ တစ်ခုက ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားက စီမံကိန်းဖြစ်ပြီး အဲဒီစီမံကိန်းက လျှပ်စစ်မဂ္ဂဝါပ် ၁၀၀ ထွက်ရှိနိုင်မယ်လို့ လျာထားပါတယ်။

ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာစီမံကိန်းက လျှပ်စစ်မဂ္ဂါဝပ် ၂၈၀ နဲ့ နောင်ချိုမြို့နယ်အတွင်း တည်ဆောက်မယ့် ရေကာတာစီမံကိန်းက မဂ္ဂဝါပ် ၇၃၀ ထွက်မယ်လို့ လျာထားတာဖြစ်ပါတယ်။