သိန္နီ ဒုက္ခသည်တစ်ထောင်ကျော် ရိက္ခာပြတ်လပ်နေ
2023.11.24
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲတွေ ကြောင့် သိန္နီမြို့ ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် ၁၃၀၀ ဝန်းကျင် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီး အများစုက ဆန်ပြုတ်သောက်နေရတယ်လို့ သိန္နီဒေသခံအချို့က RFA ကို ဒီနေ့ ပြောပါတယ်။
“ပြီးခဲ့တဲ့ လေးရက်လောက် ကတည်းက ဆန်ပြုတ်သောက်နေရတာပေါ့နော်။ ဒါလည်း နောက်ထပ် ငါးရက် လောက်အထိပဲ တောင့်ခံနိုင်မယ့် အခြေအနေမျိုးရှိတယ်။ ရိက္ခာသွားယူဖို့ကျတော့လည်း တပ်ကလုံခြုံရေးအရ ဆိုပြီး သွားမယူခိုင်းဘူး။ တခြားနေရာကိုလည်း ပြောင်းရွှေ့လို့ မရဘူး အဲလိုဖြစ်နေတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒုက္ခသည်တွေအနေနဲ့ တိုက်ပွဲစဖြစ်ချိန် စေတနာရှင်တွေ လာရောက်လှူဒါန်းထားတဲ့ လက်ကျန်ဆန်တွေကိုပဲ စုပေါင်းပြီး ဆန်ပြုတ်ချက်စားနေကြရတယ်လို့ သူက ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စကတည်းက သိန္နီမြို့ပေါ်ကို MNDAA တပ်ဖွဲ့ က ထိန်းချုပ် ထားပြီး သိန္နီမြို့နဲ့ ကျောင်းခမ်းရွာကြားက တံတားလည်း မိုင်းခွဲဖျက်ဆီးခံထားရပါတယ်။
မြို့တစ်ဖက်ကမ်း ကျောင်းခမ်းရွာအနီးမှာ စစ်ကောင်စီရဲ့ စကခ (၁၆) တပ်အပြင် တခြားတပ်ရင်းတွေလည်း ရှိနေပြီး MNDAA တပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလိုတိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံ က ပြောပါတယ်။
တိုက်ပွဲစဖြစ်ချိန် ကျောင်းခမ်းရွာဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည်သုံးထောင်ကျော်ရှိပြီး တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျတာကြောင့် အများစုက လားရှိုးနဲ့ နီးစပ်ရာနေရာတွေကို ထပ်မံ ထွက်ပြေးသွားကြတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလ ၁၃ ရက်နေ့မတိုင်ခင်အထိတော့ ဘုန်းကြီးကျောင်းမှာနေထိုင်သူတွေကို စစ်တပ်က တခြားနေရာကို သွားလာခွင့်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လုံခြုံရေးအရဆိုပြီး ဒုက္ခသည်တွေ နေရပ်ထပ်မံရွှေ့ ပြောင်း ခွင့်ကို ကန့်သတ်လိုက်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က အရဲစွန့်ပြီးထွက်လာလို့ လွတ်လာပြီဆိုပေမယ့် မိသားစုတွေက ကျန်ခဲ့တယ်။ ဘုန်းကြီးကျောင်းမှာ နေတယ်ဆို ပေမယ့် ဘေးမှာက တပ်တွေပဲဆိုတော့ ဗုံးတွေ ခဏခဏ ကျတယ်။ အမျိုးသားတစ်ယောက်လည်း လက်နက်ကြီးထိလို့ သေတာရှိတယ်။ အခုအဲမှာ ကျန်တဲ့သူတွေက လုံး၀ ထွက်လို့မရဘူးဖြစ်နေတာ။ အစား အသောက်လည်းပြတ်နေပြီ ကယ်ပါဦးဆိုပြီး အကူအညီတောင်းနေတာ ဘယ်လိုမှ ကူညီလို့လည်းမရဘူး”
အဲဒီဘုန်းကြီးကျောင်းမှာကျန်နေသူတွေဟာ ကျောင်းခမ်း၊ ကောင်းလောက်စောက်၊ ရွာသစ်ရွာ၊ နမ့်ဟူးတောင် ရွာကဖြစ်တယ်လို့ဆိုပါတယ်။
သိန္နီကျောင်းခမ်းရွာက ဒုက္ခသည် စားနပ်ရိက္ခာပြတ်တောက်နေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နိုဝင်ဘာလ ၂၃ ရက်နေ့ မနေ့ကအထိ သိန္နီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့နီးတဲ့ ပန်စုံရွာ၊ ကျောင်းခမ်းရွာအနီး တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒေသခံရာနဲ့ချီပြီး လားရှိုးနဲ့ နီးစပ်ရာမြို့တွေကို ထပ်မံထွက်ပြေး နေရဆဲဖြစ်တယ်လို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။