မဲဆောက်အပါအဝင် ခရိုင်လေးခုမှာ ရှစ်ရက်အတွင်း တရားမဝင် မြန်မာလုပ်သား နှစ်ရာခန့် အဖမ်းခံရ

RFA Burmese
2023.11.27
မဲဆောက်အပါအဝင် ခရိုင်လေးခုမှာ ရှစ်ရက်အတွင်း တရားမဝင် မြန်မာလုပ်သား နှစ်ရာခန့် အဖမ်းခံရ မဲဆောက်တွင် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Ratchamanu Task force

ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်းမှာ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ၂၄ ရက်အထိ ရှစ်ရက်အတွင်း ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၉ ဦးအထိရှိပြီလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မြ၀တီမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ရှစ်ရက်အတွင်း ၁၂၁ ဦးဖမ်းဆီးခံရပြီး ကန်ချနာဘူရီခရိုင်၊ ရနောင်းခရိုင်နဲ့ နွမ်ထဘူရီခရိုင်ဘက်မှာ ၇၈ ဦးဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။

မဲဆောက်မြို့မှာ အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ ပွဲစားတွေနဲ့ မြန်မာနိုင်ငံ၊ ကရင် ပြည်နယ်၊ မြဝတီမြို့ကနေတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်ထဲကို တရားမဝင် ရောက်လာပြီးနောက် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်း ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံသဘောတူညီချက်နဲ့ တရားဝင်လာလို့ရတဲ့ MOU စနစ်နဲ့ဆိုရင် အချိန်ကြန့်ကြာလို့ အခုလိုမျိုး တရားမဝင် လမ်းကြောင်းကနေ ထွက်လာကြတာဖြစ်ပြီး မကြာခဏ ဖမ်းဆီးခံနေရတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အလုပ်အကိုင် ပုံမှန်မရှိဘူး။ ထိုင်းနိုင်ငံမှာ ဝင်ငွေပိုကောင်းတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့လာတာ။ နောက် တရားဝင်လမ်းကြောင်းဖြစ်တဲ့ MOU စနစ်က ခြောက်လကနေ တစ်နှစ်ကြားကြာတော့ အိမ်ပေါင်၊ လယ်ပေါင်၊ ခြံပေါင် အတိုးကြီးနဲ့ ချေးပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာချင်ကြတဲ့ လူတွေက တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ လမ်းကြောင်းကို ရွေးကြတာပေါ့”

မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုဟာ မဲဆောက်မြို့ကနေတစ်ဆင့် အလုပ်အကိုင်ပေါတဲ့ ဘန်ကောက်မြို့ကို သွားကြပြီး မလေးရှားနိုင်ငံအထိသွားမယ့် အလုပ်သမားတွေအတွက်လည်း တစ်ထောက်နားရာနေရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုဖမ်းဆီးခံရမှုတွေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီက ခန့်ထားတဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အလုပ်သမားသံအရာရှိရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံမှာ တစ်နှစ်အတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား သုံးထောင်ကျော် ဖမ်းဆီးခံခဲ့ရတဲ့အထဲ မြန်မာနိုင်ငံသား နှစ်ထောင်နီးပါး ပါဝင်တယ်လို့ ထိုင်းအလုပ်သမား ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်တဲ့ လုပ်ငန်းခွင်ပေါင်း ငါးသောင်းကျော်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်အထိ ဝင်ရောက်စစ်ဆေးရာမှာ ရွှေ့ပြောင်းလုပ်သား ၃၄၆၄ ဦး ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေတာတွေ့ရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၁၈၅၀ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။