ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟွေလွတ်ကျေးရွာအနီးမှာ ဇူလိုင်လ ၁၈ ရက် မနေ့ ည ၇ နာရီ လောက်က မိုင်းရှူးမြို့ကနေ တန့်ယန်းမြို့ဘက်ပြန်လာတဲ့ မိသားစုဝင် သုံးဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ သေဆုံးသူတွေရဲ့ မိတ်ဆွေတွေက RFA ကို ပြောပါတယ်။
သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အိမ်စီးကားပေါ်မှာပါလာတဲ့ မိသားစုဝင် သုံးဦးစလုံးကို အမည်မသိ လက်နက်ကိုင်အချို့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သေဆုံးသူမိသားစုရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
“မိုင်းအော်နဲ့ တောင်ဟျိုးရွာက နှစ်မိုင်လောက်ပဲရှိတာ။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်း နဲ့ မြောက်ပိုင်းအစပ် နေရာဖြစ်တာပေါ့။ မနေ့ညက ပစ်ခံရတာ။ အမျိုးသားက ဒဏ်ရာနဲ့ ရွာကိုဖုန်းဆက်တော့ တစ်ရွာလုံး လိုက်သွားကြတာပေါ့။ ဒါနဲ့ မိုင်းရှူးနဲ့ နီးတော့ မိုင်းရှူး ဆေးရုံကို ခေါ်လာတာ၊ ဆေးရုံမှာပဲ ဆုံးသွားတာ”
သတ်ဖြတ်ခံရသူတွေဟာ အသက်၂၅ နှစ်အရွယ် စိုင်းသီဟ၊ ဇနီးဖြစ်သူ အသက် ၂၈ နှစ် အရွယ် နန်းဆိုင်လူနဲ့ သုံးနှစ်အရွယ် သမီးငယ်တို့ ဖြစ်ပါတယ်။ ဆွေမျိုးတွေရှိတဲ့ မိုင်းရှူး မြို့နယ် မိုင်းအော်ရွာကနေ သူတို့နေထိုင်တဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် တောင်ဟျိုးရွာကိုအပြန်မှာ အခုလို ပစ်ခတ်ခံရတာလို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီသတ်ဖြတ်မှုကို ဘယ်အဖွဲ့က ကျူးလွန်ခဲ့တယ်ဆိုတာကို တိတိကျကျ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းရှူးမြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။
SSPP တပ်ဖွဲ့ရဲ့ အာဘော်တွေကို ထုတ်ပြန်လေ့ရှိတဲ့ SSPP Info ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှာတော့ အရပ်သားသုံးဦး သေဆုံးမှုဟာ မိုင်းရှူးမြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ ဟွေလွတ်ရွာ အနီး စစ်ကောင်စီ ခ.လ.ရ (၅၂၄ ) တပ်က တပ်သားနှစ်ဦးရဲ့ လက်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဖော်ပြမှုအပေါ်မှာ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီနေ့ နေ့လယ်ပိုင်းအထိ ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
မိုင်းရှူးမြို့နယ်အတွင်းမှာ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ SSPP တို့ကြား တင်းမာမှုတွေရှိနေချိန် အခုလို အရပ်သားသုံးဦး သတ်ဖြတ်ခံလိုက်ရတာပါ။ ဒီဖြစ်စဉ်ကြောင့် စိုးရိမ်မှုတွေ ပိုတိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းရှူးမြို့နယ်နဲ့ တန့်ယန်းမြို့နယ်လမ်းပိုင်း လွယ်နိုင်းကျေးရွာအနီး တပ်စွဲထားတဲ့ SSPP တပ်စခန်း သုံးခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က ဖိအားပေးနေတာပါ။ SSPP ဘက်ကတော့ တပ်စခန်းတွေ ဆုတ်၊ မဆုတ်ဆိုတာ ဗဟိုကော်မတီအစည်းအဝေးထိုင်ပြီး ဆုံးဖြတ်မယ်လို့ ပြောပါတယ်။