စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန်လ ၉ ရက် မနေ့ မနက်က ကိုဗစ် အတည်ပြုလူနာ သုံဦး သေဆုံးသွားတယ်လို့ ကုသရေးစင်တာမှာ အကူအညီပေးနေသူတွေနဲ့ ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သယ်ယူပို့ ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသမီး နှစ်ဦးနဲ့ အသက် ၅၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။
သူတို့အားလုံးဟာ ကိုဗစ်အတည်ပြု ပိုးတွေ့ရှိတာကြောင့် အိတ်စွပ်ကုသရေးစင်တာနဲ့ ကလေးပြည်သူ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရသူတွေဖြစ်ပါတယ်။
မနေ့က ကိုဗစ်အတည်ပြုလူနာ သုံးဦးသေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ ကလေးပြည်သူ့ဆေးရုံကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကလေးမြို့မှာတော့ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၁၀ ဦးခန့်ရှိပြီးတော့ အတည်ပြုလူနာ ၁၅၀ ကျော်ရှိတယ်လို့ ကုသရေးစင်တာမှာ အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။