ဒိုင်းနက်လူမျိုး ၃ ဦး အသတ်ခံရ
2019.02.17
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ဂဏန်းရှာထွက်တဲ့ ဒိုင်းနက်လူမျိုး ၃ ဦး မနေ့က သတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ အာဆာနဲ့ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ခိုးဝင်လာသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ သုံးသပ်ထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က RFA ကို ဒီနေ့ ပြောပါတယ်။
သင်္ဘောလှကျေးရွာမှာနေထိုင်တဲ့ အသက် ၄၀ ဝန်းကျင် ရွာသား ၃ ဦးဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းက ချောင်းထဲမှာ ဂဏန်းရှာဖို့ နေအိမ်ကနေ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ မနေ့က မနက်ပိုင်းမှာတော့ ကွမ်းသီးပင်ကျေးရွာနဲ့ လက်ဖွဲ့ရွာကြားမှာရှိတဲ့ တောင်ကြားက ကျင်းထဲမှာ သတ်ဖြတ်မြှပ်နှံခံထားရတာကို တွေ့ရှိခဲ့ကြတာလို သိရပါတယ်။
သတ်ဖြတ်ခံရသူ ၃ ဦးကို မနေ့က အဲဒီရွာမှာပဲ သြင်္ဂိုဟ်လိုက်ပြီး အဲဒီနေရာမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီနေ့ ည ၉ နာရီလောက်အချိန်အထိ အိမ်ကိုပြန်မရောက်လာတဲ့အတွက် သက်ဆိုင်ရာနယ်မြေခံ ရဲစခန်းကို တိုင်ကြားပြီး နောက်တစ်နေ့မနက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ၊ ဒေသခံတွေနဲ့အတူ ရှာဖွေရေးတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်းက အခုလို ပြောပါတယ်။
"၁၅ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ဂဏန်းရှာဖို့သွားတယ်။ ည ၉ နာရီထိုးရင်လည်း သူတို့က အိမ်ပြန်မရောက်သေးဘူး။ ဒါနဲ့ ဌာနဆိုင်ရာတွေကို အကြောင်းကြားပါတယ်။ အကြောင်းကြားပြီး မနက်မိုးလင်းတာနဲ့ သူတို့ကို ရှာဖို့သွားကြပါတယ်။ ရှာဖို့သွားကြရင်း ကွမ်းသီးပင်နဲ့ လက်ဖွဲ့ကျကြား တောင်ကြောနားမှာ ကျင်းတစ်ကျင်းတွေ့ပါတယ်။ အဲဒီကျင်းကို ဌာနဆိုင်ရာတွေနဲ့ ဖော်ကြည့်ရာမှာ အသတ်ခံရတဲ့ အလောင်း ၃ လောင်းကို အဲဒီနေရာမှာပဲတွေ့ပါတယ်။ ဒဏ်ရာတွေကတော့ သူတို့အားလုံးကို လည်လှီးသတ်ဖြတ်ထားတာပါ"
ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့နေရာအနီးမှာ ခဲရောင် ဦးထုပ်တစ်လုံးကိုတွေ့ရှိရပြီး အဲဒီဦးထုပ်မျိုးကို ဒေသခံတွေ ဆောင်းလေ့ဆောင်းထ မရှိဘူးလို့လည်း ဆိုပါတယ်။
ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ကျင်းကို မနေ့က မနက် ၁၀ နာရီခန့်မှာ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီး ညနေ ၄ နာရီခန့်မှာ ရဲတပ်ဖွဲ့၊ မြို့နယ်မှုခင်းဆရာဝန်တွေနဲ့အတူ တူးဖော်စစ်ဆေးခဲ့ကြတာပါ။
ရုပ်အလောင်းတွေကို စစ်ဆေးတွေ့ရှိချက်နဲ့ ပတ်သက်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အခုလို ပြောပါတယ်။
"မနေ့က ဆရာဝန်နဲ့ တရားသူကြီးတွေရဲ့ စစ်ဆေးချက်အရ ဖမ်းဆီးချုပ်နှောင်ပြီးတော့မှ လည်ပင်းကို ဓားနဲ့လှီးထားတာ။ မွတ်ဆလင်တွေရဲ့သဘာဝအရ ဟာလာလုပ်တာပေါ့။ ဒေသရဲ့ အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ သုံးသပ်တာကတော့ ၉၉ ရာခိုင်နှုန်းက အာဆာလက်ချက်ပဲ။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေမှာ တခြားရန်သူတွေမှ မရှိဘဲကိုး။ ဒါမှမဟုတ် အာဆာမဟုတ်ရင်တောင်မှ ဒီဘက်က နွားတွေကို လာခိုးတဲ့ကုလားတွေရှိတယ်လေ။ သူတို့ကတော့ အာဆာတော့ မဟုတ်ဘူး၊ နွားသူခိုးတွေပေါ့။ အဲဒီနွားသူခိုး ကုလားနဲ့တွေ့ရင်လည်း ဒီဘက်မှာ သတ်ဖြတ်ခံရတာရှိတယ်။ သေချာတာကတော့ ဘင်္ဂလားဒေ့ရ်ှဘက်ကနေလာတဲ့ အာဆာ သို့မဟုတ် နွားခိုးတဲ့ မွတ်ဆလင်တွေ သတ်သွားတာကတော့ သေချာတာပေါ့နော်"
မောင်တောဒေသမှာ တိုင်းရင်းသားတွေဟာ မကြာခဏဆိုသလို သတ်ဖြတ်ခံရမှုတွေရှိနေပြီး ဒါဟာ လုံခြုံရေးအားနည်းချက်ကြောင့်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။
ဒေသခံ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က-
"မြောက်ပိုင်းမှာ တောတောင်တွေ ထူထပ်တော့ ရဲတွေ၊ တပ်တွေကို ဘယ်လောက်ပဲချထားပါစေ ဧရိယာကြီးကကျယ်တော့ ဒီခိုးဝင်ကုလား၊ ခိုးဝင်ဆိုတာက ဟိုဘက်မှာစားစရာမရှိတော့ နွားလာခိုးတဲ့ ကုလားတွေရှိတယ်။ ပြီးတော့ အာဆာရှိတယ်။ အဲဒါတွေကြောင့် သူတို့တွေနဲ့ထိတွေ့မှာစိုးလို့ ကျွန်တော်တို့က တိုင်းရင်းသားတွေကို ဝေးဝေးလံလံမသွားခိုင်းဘူး။ ဒီလိုပဲ ကာကွယ်နေရတာ။ ဝေးဝေးလံလံသွားရင် ခုနကဖြစ်စဉ်တွေလိုဖြစ်မှာစိုးလို့ပါ"
ဒီလိုသတ်ဖြတ်မှုတွေဟာ မောင်တောမြို့နယ် မြောက်ဘက်ပိုင်းမှာ ပိုပြီးအဖြစ်များတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောပါတယ်။
မောင်တောဒေသမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း လူပေါင်း ရာနဲ့ချီသတ်ဖြတ်ခံခဲ့ရပြီး အဲဒီနောက်ပိုင်းမှာလည်း မကြာခဏဆိုသလို သတ်ဖြတ်ခံရမှုတွေ ရှိနေတာဖြစ်ပါတယ်။
ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေး၊ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ပြောပါတယ်။
"နယ်စပ်ခြံစည်းရိုးကို ဘယ်လောက်ကာကာ ဝင်လို့ထွက်လို့ရပါတယ်။ နယ်စပ်ခြံစည်းရိုးနဲ့ မဆိုင်ဘူးဗျ။ အဖွဲ့အစည်းနှစ်ခု ပဋိပက္ခနဲ့ပဲဆိုင်ပါတယ်။ ဒီပဋိပက္ခကို မဖြေရှင်းနိုင်သေးသရွေ့ ဒီပြဿနာတွေရှိနေတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို ဘယ်လိုလုပ်ပေးမလဲဆိုတာကိုပဲ စဉ်းစားရမှာပဲ။ ၂၀၁၆-၂၀၁၇ တစ်နှစ်အတွင်းမှာကို လူ ၁၀၀ လောက် အသတ်ခံရတယ်။ နောက်ပိုင်းလည်း အသတ်ခံရတဲ့သူတွေလည်း ရှိနေတဲ့အချိန်မှာတော့ ဒီတိုင်းရင်းသားရွာတွေ ဘယ်လိုစုစုစည်းစည်းနဲ့ လုံခြုံရေးယူပေးမလဲဆိုတဲ့ဖက်ကနေ ဇောင်းပေးစဉ်းစားဖို့ကိုပဲ လိုအပ်မယ်လို့ ထင်ပါတယ်"
မောင်တောဒေသမှာနေထိုင်တဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ်တွေဖွဲ့ပြီး လက်နက်တွေ တပ်ဆင်ပေးဖို့ ဒေသခံတွေဘက်က အစိုးရကိုတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလာတာတွေကြောင့် ဒေသခံတွေရဲ့ တောင်းဆိုချက်ဟာ မဖြစ်နိုင်တော့ကြောင်းလည်း ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
ဒေသခံတွေကတော့ အစိုးရအနေနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ လိုလားနေကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။