မင်းပြားမှာ ရိုဟင်ဂျာသုံးဦး တပ်က ပစ်ခတ်လို့ သေဆုံး

မင်းပြားမြို့မှာ မနေ့ည ၁ဝ နာရီကျော်လောက်က ကင်းလှည့်နေတဲ့ လုံခြုံရေးအဖွဲ့က ပစ်လို့ ရိုဟင်ဂျာ မွတ်ဆလင် သုံးဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ မင်းပြားမြို့နယ် လက်မရွာက အသက် ၄ဝ အရွယ် ဦးနူမာမောက်၊ အသက် ၅ဝ အရွယ် ဦးနိုရူဆလင်နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမာဒေါ်လာ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ သုံးဦးဟာ မြို့မဈေးနောက်က ချောင်းထဲမှာ လှေနဲ့လာချိန် ဈေးဟောင်းပိုင်းရပ်ကွက်နဲ့ ဦးစိုးတင့်ရပ်ကွက် ကို သွယ်တန်းထားတဲ့ တံတားပေါ်ကနေ ပစ်လိုက်တာလို့ အဲဒီနားက လုံခြုံရေးအရ အမည်မဖော်လိုသူ ရပ်ကွက်လူကြီးတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့စစ်ကြောင်း ထွက်လာတယ်။ ဈေးဟောင်းပိုင်းနဲ့ ဦးစိုးတင့်ရပ်ကွက် ဆက်သွယ်ထားတဲ့ အမှတ် (၂) တံတားဆိုတာရှိတယ်။ အလျားပေ ၁ဝဝ၊ အနံ ၁၈ ပေ ရှိတယ်။ အဲဒီတံတားကနေ လှမ်းပြီးတော့ ပစ်လိုက်တာ။ ပစ်ပစ်ဆိုပြီး ပစ်လိုက်တော့ မွတ်ဆလင် သုံးယောက် သေသွားတယ်။ အဲဒီအချိန်မှာ မွတ်ဆလင်တွေက မြို့မ ဈေးအိမ်သာနားက ကျူပင်တောနားမှာ ရှိနေတာ။ သူတို့က လှေနဲ့လာတဲ့အချိန် တံတားပေါ်ကနေ လှမ်းပစ် လိုက်တာ။ ဘာကြောင့် ပစ်လိုက်တယ်ဆိုတာကိုတော့ ကျနော်တို့ မသိရဘူး။"


လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်သံတွေကို ကြားရတယ်လို့လည်း အနီးနားမှာနေတဲ့ ဒေသခံတွေ ကလည်း ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာပဲ ဦးစိုးတင့်ရပ်ကွက်က အသက် ၂၉ နှစ်အရွယ် ကိုမောင်ကြီး၊ အသက် ၄၁ နှစ်အရွယ် ဦးမောင်မောင်ဦးနဲ့ အသက် ၂၅ နှစ်အရွယ် ကိုကျော်မင်းစိုး ဆိုသူ သုံးဦးကို ဖမ်းဆီးသွားတယ်လို့လည်း မြို့ခံ လူကြီးတချို့က RFA ကို ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ မနေ့ည ၁ဝ နာရီ ၄၅ လောက်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေးအဖွဲ့က ဦးစိုးတင့်တံတားကို ရောက်တဲ့အချိန် ချောင်းအတိုင်း မြောက် ဘက်ကနေ တောင်ဘက်ကို ဖြတ်မောင်းသွားတဲ့ စက်လှေ နှစ်စီးကို ရပ်ဖို့ အော်ဟစ်ပြောဆိုပေမဲ့ မရပ်ဘဲ မောင်းပြေးတာကြောင့် သေနတ်ကို သုံးချက် မိုးပေါ်ထောင်ပစ်ပြီး ရပ်ဖို့ ထပ်ပြောပေမဲ့ မရပ်တဲ့အတွက် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ရိုဟင်ဂျာ သုံးဦးရဲ့ စက်လှေနဲ့ ဖမ်းဆီးမိခဲ့တဲ့ ဦးစိုးတင့်ရပ်ကွက်က အရပ်သား သုံးဦးရဲ့ စက်လှေ ပေါ်မှာ ဓားရှည် နှစ်လက်အပါအဝင် ဓား၊ လေးခွနဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။ သူတို့ဟာ အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ ဆက်သွယ်မှု ရှိ မရှိ စုံစမ်းစစ်ဆေးနေပြီး၊ တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ မွတ်ဆလင်ရုပ်အလောင်းတွေကို ညတွင်းချင်းပဲ ဆေးရုံရင်ခွဲတိုက်ကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီမနက် ရုပ်အလောင်းတွေကို သွားကြည့်ခဲ့တဲ့ ရခိုင်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်း ကတော့

"သူတို့ရဲ့ခန္ဓာကိုယ်မှာ ကျည်ဒဏ်ရာတွေဟာ ကျောကနေဝင်သွားတာကို ကျနော်တို့ တွေ့ရတယ်။ သူတို့ စီးလာတဲ့လှေကိုလည်း ကျနော်တို့ သွားကြည့်တဲ့အခါကျတော့ သူတို့လှေထဲမှာ အကုန်လုံးသွေးတွေနဲ့ ဖြစ်နေတယ်။ အဲလိုဟာမျိုးတွေ့ရတယ်။ ဒါတွေက မဖြစ်သင့်ဘူးပေါ့။ တကယ်လို့ သူတို့က ခေါ်တာကို မရပ်လို့ရှိရင်လည်း အတတ်နိုင်ဆုံး သူတို့က ရပ်ခိုင်းပြီးတော့ လုပ်ရမယ်။ အခုက ပြည်သူတွေရဲ့ နစ်နာ ချက်တစ်ခု၊ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတစ်ခုလို့ ကျနော်တို့ ယူဆတယ်။ ဒါကတော့ ကျနော်တို့ ပြောရမယ် ဆိုလို့ရှိရင် ဒီလိုပုံစံမျိုးတွေက ခဏခဏဖြစ်နေတာဆိုတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ ကျနော်တို့က သုံးသပ်ပါတယ်။"

သေဆုံးသွားတဲ့ ရိုဟင်ဂျာရုပ်အလောင်းတွေကို မင်းပြားမြို့မရဲစခန်းမှူးက ဒီနေ့လယ်မှာ သူ့ကို ဆက်သွယ်ပြီး မိသားစုထံ လွှဲပေးလိုက်တယ်လို့လည်း လက်မကျေးရွာတာဝန်ခံ ဦးမောင်သိန်းလှိုင် က RFA ကို ပြောပါတယ်။

လက်မကျေးရွာတာဝန်ခံ ဦးမောင်သိန်းလှိုင်က သူတို့ရွာသား သုံးဦးဟာ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ ပတ်သက်မှု မရှိတဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

"မနက် ၇ နာရီခွဲလောက်မှာ မင်းပြားရဲကင်းမှူးက ကျနော့်ဆီကို သတင်းပို့လာပါတယ်။ ခင်ဗျားတို့ရွာက အလောင်း သုံးလောင်းရှိနေလို့ လာကြည့်ရမယ်လို့ ခေါ်တာပါ။ သူတို့ သုံးဦးလုံးဟာ ကျနော်တို့ ရွာကဆိုတာ မှန်ပါတယ်။ မင်းပြားကိုရောက်တော့ အလောင်းတွေကို ယူသွားဆိုပြီး အကူအညီလည်း ပေးလိုက်ပါတယ်။ သေဆုံးသွားတဲ့လူ သုံးဦးက ကျပန်းတွေပါ။ ရတဲ့အလုပ်ကိုလုပ်ပြီး ရပ်တည်နေကြရတာ။ ဘယ်လက်နက်ကိုင် အဖွဲ့နဲ့မှ ပတ်သက်မှု မရှိပါဘူး။"


စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တွေမှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂ဝ၁၉ ဧပြီလ ၂ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့တာပါ။

ဒါကြောင့် သေဆုံးသူ ရိုဟင်ဂျာ သုံးဦးအနေနဲ့ ရွာကနေ မင်းပြားမြို့ကို ညဘက် ဘာကြောင့်သွားရတယ်ဆိုတဲ့ အသေးစိတ်ကို စုံစမ်းမေးမြန်းနေဆဲပဲလို့လည်း ဦးမောင်သိန်းလှိုင် က ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း ဒီနေ့မနက် ၇ နာရီကျော်လောက်က မေယူမြစ်အတိုင်း မောင်းနှင်လာတဲ့ တပ်မတော်ရေယာဉ်ကနေ ကုန်းပေါ်ကို လက်နက်ကြီးတွေနဲ့ပစ်လို့ ပြင်ဝန်းကျေးရွာက အသက် ၈၈ နှစ်အရွယ် ဦးမောင်စိုးဟာ လက်နက်ကြီးအစတွေ ထိမှန်ပြီး စေတီပြင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ရွာလူကြီးတွေက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးတွေဟာ ပြင်ဝန်းရွာအပါအဝင် ကံပြင် ရွာသစ်၊ ရွာဟောင်းနဲ့ စဖိုးကျွန်း၊ အောင်စည်ကုန်း စတဲ့ ရွာတွေထဲတွေကိုကျတာကြောင့် ကံပြင်ရွာက ဗုံးခိုကျင်းထဲမှာ ပုန်းနေတဲ့ အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ခြောက်ဦး လက်နက်ကြီးအစတွေထိမှန်ပြီး ဒဏ်ရာအနည်းငယ်စီရခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ရသေ့တောင်မြို့နယ် ထီးစွဲရွာနားမှာ ရက္ခိုင့်တပ်တော် AA နဲ့ ၄ ရက်နေ့စလို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး၊ တပ်မတော်ဘက်က သေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ပြောပါတယ်။

"မနေ့ညနေကတော့ အဲဒီနားကနေဖြတ်သွားတဲ့ တပ်မတော်စစ်ရေယာဉ်တွေကို ထီးစွဲရွာနားကနေ လှမ်းပစ် တာတွေရှိတယ်။ ဒီမနက်အခြေအနေတော့ မသိရသေးဘူး။ အဲဒီမှာတော့ နှစ်ရက်လောက် ဆက်တိုက် တိုက်ပွဲဖြစ်နေတာရှိတယ်။"

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိ စစ်ရေးနဲ့ဆက်နွယ်ပြီး ဒဏ်ရာရတဲ့အရပ်သား ၆၅၇ ဦးနဲ့ သေဆုံးသူ ကတော့ ၂၉၇ ဦးထိ ရှိနေပါတယ်။