မကွေးဝန်ကြီးချုပ်နဲ့ ဝန်ကြီး သုံးဦးကို အဂတိကော်မရှင်ထံ တိုင်ကြား


2019.05.23
tinaungtun-622.jpg မကွေးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး လေးဦးကို တိုင်ကြားထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းကို ၂ဝ၁၉ ခုနှစ် မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

မကွေးတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး လေးဦးဟာ အဂတိလိုက်စားတယ်ဆိုပြီး မကွေး တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ထံ တိုင်ကြားထားတယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် ကာလတွင်းမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနဲ့ လုံ/နယ် ဝန်ကြီးတို့ဟာ တည်းခိုခန်းခမပေးဘဲ တည်းခိုခဲ့တဲ့အတွက် အခုလိုတိုင်ကြားတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက တိုင်ကြားခဲ့တာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မေးခွန်းမေးမြန်းခဲ့ပေမယ့်လည်း ထူးခြားတာမရှိခဲ့ဘူးလို့ ပြောပါတယ်။

တည်းခိုခန်းလုပ်ငန်းရှင်က သူနစ်နာခဲ့ရတာကို အကူအညီတောင်းခံလာတဲ့အတွက် အခုလိုတိုင်ကြားတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း ကပြောပါတယ်။

‘’ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၃ ဦးကတော့ ဂေါပကအဖွဲ့ဥက္ကရယ်၊ ဂေါပကအဖွ့ဲဝင်တွေကနေတဆင့် အဲဒီအခန်းတွေမှာ အခကြေးငွေ သတ်မှတ်ထားတာမပေးဘဲနဲ့ သုံးစွဲခဲ့ပါတယ်၊ အဲဒါနိုင်ငံရေးရာထူး လက်ရှိရှိတဲ့သူတွေက အဂတိ လိုက်စားခြင်းပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေမှာကိုက နိုင်ငံရေး လက်ရှိရာထူးရှိတဲ့သူတွေက သတ်မှတ် ထားတဲ့ အခကြေးငွေ တစ်စုံတစ်ရာမပေးဘဲနဲ့ သုံးစွဲတာဟာ အဂတိလိုက်စားမှုမြောက်တာပဲဗျ ’’

တစ်ယောက်နဲ့တစ်ယောက် အကျိုးတစ်စုံတစ်ရာမျှော်ကိုးခြင်းမရှိဘဲ နှစ်ဖက်သဘောတူခဲ့တယ်ဆိုရင်တော့ အဂတိလိုက်စားမှုမြောက်တယ်လို့ ပြောလို့မရဘဲ သူ့အကျိုးကိုယ့်အကျိုးမျှော်ကိုးပြီး ရလိုမှုနဲ့ တည်ခင်းဧည့်ခံတယ်၊ ကျွေးမွေးတယ်ဆိုရင်တော့ အဂတိလိုက်စားမှုမြောက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေမှာပါရှိပါတယ်။

‘’သူတို့နှစ်ယောက်အပေါ်မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ဆက်စပ်မှုမရှိဘူး၊ အကျိုးမျှော်ကိုးခြင်းလည်းမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှုအနေနဲ့ ဆောင်ရွက်တဲ့ကိစ္စဆိုရင် ဒါတစ်မျိုးပေါ့နော်၊ မဟုတ်ဘဲနဲ့ အကျိုးမျှော်ပြီးတော့မှ ရလိုမှုနဲ့ဒီလိုမျိုးူ အဖိုးစားနားပုံစံမျိုးနဲ့ ကျွန်တော်တို့ ဥပဒေမှာလည်းပါပါတယ်၊ တည်ခင်း ဧည့်ခံတယ်၊ ကျွေးမွေးတယ်ဆိုရင် အဂတိမြောက်တာပေါ့နော်၊ ဒါကတော့ သူတို့ရဲ့လုပ်ဆောင်ချက်အပေါ် မူတည်ပါတယ် တရားသေကြီးတော့ မရဘူးပေါ့ ’’

ကော်မရှင်ဆီတိုင်ကြားစာတွေနဲ့ ပတ်သက်ပြီးကာယံရှင်တွေကလွဲပြီး ဘယ်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုတာမရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောခွင့်ရသူ ဦးကျော်စိုးက ပြောပါတယ်။

ဘယ်သူမဆို တည်းခိုခန်းတစ်ခုမှာ တည်းခိုမယ်ဆိုရင် ကျသင့်တဲ့အခကြေးငွေ ကြိုတင်ပေးရပြီးမှသာ တည်းခို ခွင့်ရတဲ့အတွက် နဂိုမတည်းခင်ကတည်းက ကျသင့်ငွေကို တောင်းထားရမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုလိုသုံးသပ်ပြပါတယ်။

‘’အစတည်းခိုကတည်းက နားလည်မှုရှိပြီးတော့ တည်းသွားတာဖြစ်နိုင်တယ်၊ တည်းခိုခန်းတည်းတယ်ဆိုတာ အစကတည်းက ပိုက်ဆံပေးရတယ်၊ တောင်းလို့မပေးဘူးဆိုရင် တည်းခွင့်မပြုသင့်ဘူးပေါ့ သူကြည်ဖြူလို့ ပေးခဲ့တာပေါ့ အဲကတည်းက သူမတောင်းခဲ့တာမို့ သဘောတူရာရောက်တယ်လို့ ယူဆလို့ရပါတယ်’’

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံရသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဦးတင်အောင်ထွန်းဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် နဲ့ ရွေးကောက်ပွဲမှာအောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လမှာပါတီကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကိုလည်း မကွေးတိုင်း မင်းဘူးမြို့မရဲစခန်းမှာ တရားစွဲအမှုဖွင့်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။