အဖမ်းခံရပြီးပျောက်နေတဲ့ ရခိုင်ရွာသား ၁၈ ဦးအမှု စစ်တပ်က အကြောင်းမပြန်
2021.04.05
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ မြန်မာစစ်တပ်က ဖမ်းဆီးပြီး ပျောက်ဆုံးနေတဲ့ ကျေးရွာသား ၁၈ ဦးနဲ့ပတ်သက်လို့ အာဏာပိုင်တွေက မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးတာတွေရှိခဲ့ပေမယ့် အသက်ရှင်လျက်ရှိနေသလား၊ မရှိတော့ဘူးလားဆိုတာကို ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းမပြန်သေးဘူး လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
မြန်မာစစ်တပ်ကဖမ်းသွားတဲ့ တင်းမရွာသား ၁၈ ဦးကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က မြောက်ဦး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ မိသားစုဝင်တွေနဲ့ ကျေးရွာလူကြီးအချို့ကို အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
အလားတူ ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ တင်းမကျေးရွာက ရပ်မိရပ်ဖ ဦးထွန်းသိန်းတို့ သုံးဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မိသားစုအချို့ကို အချိန်နှစ်ရက်ကြာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်က ဒီနေ့အထိ ထပ်မံစစ်ဆေးတာ၊ တစ်စုံတစ်ရာ အကြောင်းပြန်တာတွေ မရှိဘူးလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ တင်းမကျေးရွာက ဦးထွန်းသိန်းက RFA ကို ပြောပါတယ်။
“ဘာမှ စုံစမ်းတာလည်း မရှိ၊ စစ်ဆေးတာလည်း မရှိ။ ခေါ်လို့မေးမြန်းတာလဲ မရှိဘူး။ အခုဆိုရင်အစ အနလည်း မရတော့ ရှိမယ်လို့မထင်တော့ဘူး။ ရှိရင်လည်းရှိတယ်လို့ သိချင်တယ်။ မရှိရင်လည်း မရှိဘူးလို့ ပြတ်ပြတ်သားသား သိချင်တာကတော့ နှလုံးသားထဲမှာတော့ အကုန်လုံးရှိတာပေ့ါ။ အခုက ရှိတယ်လို့ လည်း မသိဘူး။ မရှိဘူးလို့လည်း မသိဘူး။ ဒါကိုဘယ်နေရာမှာ ဖော်ထုတ်ရမယ်။ ဘယ်သူ့ဆီမှာ သွားပြီး တော့ စုံစမ်းရမယ်ဆိုတာ အခုက မသိနိုင်ဘူး”
ကျောက်တောမြို့နယ် တင်းမရွာသစ်က ကျေးရွာသား ရှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့နဲ့ တင်းမကြီးရွာက ကျေးရွာသား ၁၀ ဦးကို မတ်လ ၁၆ ရက်နေ့တွေမှာ မြန်မာစစ်တပ်က ရွာထဲကနေ အသီးသီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီနောက် အခုအချိန်တစ်နှစ်ကျော်ကြာလာတဲ့အထိ မိသားစုတွေထံ တစ်စုံတစ်ရာ အကြောင်းမပြန် တာကြောင့် သူတို့ သေဆုံးသွားပြီလား၊ အသက်ရှင်နေသေးလားဆိုတာကို တိတိကျကျ သိချင်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
သားဖြစ်သူ ပျောက်ဆုံးနေတဲ့အထဲ ပါဝင်နေတဲ့ တင်းမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက အဖမ်းခံရသူတွေအတွက် အခုအချိန်မှာ မျှော်လင့်ချက်မဲ့သလို ခံစားနေရတယ်လို့ ပြောပါတယ်။
“အခုကဘာမှလည်း ထူးထူးခြားခြားမရှိပါဘူး။ ကျွန်တော်တို့ တစ်ခေါက်တော့ သွားကြည့်တယ်။ သွားကြည့်ပြီးတော့ ပြန်လာတယ် ဘာမှထူးခြားတာ မရှိပါဘူး။ အခုက သတင်းတွေကလည်း အစအန ပျောက်နေတယ်ဆိုတော့ သေသွားပြီလား။ အသက်ရှင်သေးလား တိတိကျကျလည်း မသိရဘူးလေ။ စုံစမ်းတာလည်း မရှိဘူးတော့ ကျွန်တော်တို့ စုံစမ်းမိသလောက်တော့ ရှိသလိုလို၊ မရှိသလိုလိုဖြစ်နေတယ်။ အများအားဖြင့်ပြောရင် မရှိတော့ သလိုလိုခံတာပေါ့။ ကျွန်တော်တို့ကတော့ ရှိရင် ရှိတယ်ပေါ့၊ မရှိရင် မရှိဘူးပေါ့။ တိတိကျကျ သိခွင့်ရချင်တယ်”
တင်းမကြီးကျေးရွာကနေ ဖမ်းဆီးခံခဲ့ရတဲ့ လူ ၁၀ ဦးထဲက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဝင်းကို ကိုတော့ ဖမ်းဆီးခံရပြီး နောက်နေ့ မတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ ကုလားတန်မြစ်ထဲအတွင်း သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ကျေးရွာသားတွေက တွေ့ရှိခဲ့ပါတယ်။
ဒီကိစ္စအပေါ်မှာလည်း မြန်မာစစ်တပ်က တစ်စုံတစ်ရာ တုံ့ပြန်တာမရှိခဲ့ပါဘူး။
ဖမ်းဆီးခံခဲ့ရသူတွေဟာ သတ်ဖြတ်ခံရလို့ သေဆုံးသွားပြီလို့ မိသားစုဝင်အချို့က ထင်ကြေးပေးတာတွေ ရှိနေပေမယ့် အချို့မိသားစုဝင်တွေကတော့ သူတို့ အသက်ရှင်နေသေးတယ်လို့ မျှော်လင့်နေကြတဲ့သူတွေ လည်း ရှိပါတယ်။
“ကျွန်မတို့ရဲ့အမျိုးသားတွေကို ဖမ်းဆီးသွားတာ တစ်နှစ်ကျော်ကြပြီဆိုတော့ ပူပင်သောကတွေ ဖြစ်ရပါ တယ်။ ပြီးတော့ ကျွန်မတို့ကတော့ သူတို့ကို သေတယ်လို့ မယူဆဘူး။ ကျွန်မတို့ အမျိုးသားတွေ အခု အချိန်ထိ ရှိနေဆဲပဲလို့ ထင်မိတယ်။ သူတို့က ဘယ်မှာထားပြီး ဘယ်မှာဝှက်ထားမှန်းတော့ မသိပါဘူး။ တခြားလူတွေကိုတော့ မသိဘူး ကျွန်မကတော့ ကျွန်မ အမျိုးသား မသေဘူးလို့ ယူဆထားပါတယ်”
အဖမ်းခံရပြီး ပျောက်ဆုံးနေသူတွေထဲက ဦးထွန်းမောင်ဝင်းရဲ့ဇနီးဖြစ် ဒေါ်ခင်မေဝင်း ပြောသွားတာပါ။
ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေက နေ့စဉ်နဲ့အမျှ ပူပင်သောကတွေက ခံစားနေကြရတဲ့အတွက် လူသားချင်းစာနာတဲ့အနေနဲ့ သက်ဆိုင်ရာဌာနတွေက တိတိကျကျအဖြေတစ်ခုပေးဖို့ တိုက်တွန်းပါတယ်။
“ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စဖြစ်ကတည်းက တောက်လျှောက်သက်ဆိုင်ရာ အသီးသီးတွေကို ကျွန်တော်တို့ အများကြီး ပြောခဲ့ကြတယ်။ ဒီကိစ္စတွေကို တင်ပြခဲ့ကြတယ်။ မိသားစု တွေကလည်း သေသွားပြီဆိုရင်တောင်မှဗျာ ဘာသာရေးထုံးတမ်းအစဉ်အလာနဲ့အညီ အလှူအတန်း လုပ်တာတို့ အမျှပေးဝေတာတို့ တခုခု တော့လုပ်ချင်တာပေ့ါ။ ဆိုတော့ ဘယ်လိုမှန်းမသိတဲ့ အခါကျတော့ မိသားစုတွေကလည်း နေ့စဉ်နဲ့အမျှ ဒီအပူတွေကိုရင်မှာပိုက်ပြီး နေကြရတာပေါ့။ ဒါကိုတော့ လူသားချင်း စာနာမှုနဲ့ တစ်ခုခုတော့ သက်ဆိုင်ရာကနေပြီးတော့ ရှာဖွေဖော်ထုတ်ပြီးတော့ တခုခုတော့ သူတို့ကို အသိပေးသင့်ပြီလို့ ကျွန်တော်တို့ ယူဆတယ်။ ဝိုင်းဝန်းပြီးကူညီပေးကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာပေါ့”
တင်းမရွာသား ၁၈ ဦးကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသူအရေအတွက် ၂၂ ဦးအထိရှိနေတယ်လို့ စာရင်းပြုစုထားတဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။