TNLA ဖမ်းသွားတဲ့ နန်းမိုဟွမ် ပြန်လွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကူညီစေလို


2018.09.01
tnla-622 TNLA တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်မှာ နေထိုင်တဲ့ နန်းမိုဟွမ်ကို တအာင်းပလောင် အဖွဲ့ TNLA က ဖမ်းဆီးထားတာ နှစ်ပတ်ကျော် ကြာနေပြီဖြစ်ပေမယ့် ပြန်လွတ်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တဆင့် TNLA အဖွဲ့ထံ ဆက်သွယ်အကြောင်းကြားကာ ပြန် လွှတ်ပေးဖို့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က စာပေးပို့ တောင်းဆိုထားတယ်လို့ SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ဒီနေ့ RFA ကို ပြောပါတယ်။

"ဒီနေ့အထိကတော့ လွှတ်မပေးသေးဘူးလို့ ကြားသိရပါတယ်ခင်ဗျ၊ TNLA အဖွဲ့အစည်းဟာ NRPC ပေါ့နော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ အဆက်အဆံရှိတယ်ပေါ့ဗျာ၊ အနည်းဆုံး တော့ ငြိမ်းချမ်းရေးဆွေးနွေးဖက်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ NRPC လမ်းကြောင်း ကနေ သူတို့ကို ဆက်သွယ်ပြီးတော့ ကြားဝင်ဖြေရှင်းပေးဖို့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ ဦးတည်ပြီးတော့ တောင်းဆိုလိုက်တာပါခင်ဗျ"

TNLA အဖွဲ့ဟာ နန်းမိုဟွမ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတယ်ဆို တာကိုလည်း ဝန်ခံထားပြီးဖြစ်တယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ TNLA အဖွဲ့တို့ဟာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဆွေးနွေးဖက် တွေ ဖြစ်တဲ့အတွက် နိုင်ငံသားတစ်ဦးရဲ့ ဘဝလုံခြုံရေးနဲ့ လွတ်လပ်ခွင့်တွေကို တာဝန်ခံမှုရှိစွာနဲ့ ဆောင်ကျဉ်း ပေးစေလိုတယ်လို့ အဲဒီစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က TNLA နဲ့ SSPP အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ မကြာခင်ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမယ်လို့ TNLA ဖက်က ကတိပေးခဲ့တယ်လို့ SSPP က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။