ရှမ်းပြည်မြောက်ပိုင်း မြို့နယ်သုံးခုက တရားသူကြီးတွေ အပါအဝင် ကိုးဦးကို TNLA ဖမ်းဆီးထား

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် တရားသူကြီးချုပ်၊ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေက တရားသူကြီး တွေအပါအဝင် ကိုးဦး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဧပြီလ ၁၉ ရက် မနေ့က ဖမ်းဆီးတာ ခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ တရားရုံးဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ သွားချိန် နမ့်ဆန်မြို့နယ် တောင်မရွာအနီးမှာ ဖမ်းဆီးခံခဲ့ရတာလို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

ဧပြီလ ၁၉ ရက် မနေ့က မနက် ၁၀ နာရီလောက်က ကျောက်မဲ-နမ့်ဆန်လမ်းပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေက တရားသူကြီးနဲ့ ရှေ့နေတွေပါတဲ့ ကားတစ်စီးကိုတွေ့လို့ ခေါ်ယူစစ်ဆေး နေတာလို့ TNLA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က အတည်ပြုပြောပါတယ်။

ကျောက်မဲခရိုင် တရားသူကြီးချုပ် ဦးမောင်မောင်အေးနဲ့ဇနီး၊ နမ့်ဆန်မြို့နယ် တရားသူကြီး ဦးကောင်းဘုန်းကျော်၊ မန်တုံမြို့နယ် တရားသူကြီး ဦးဇော်ဇော်ထက်၊ နမ့်ဆန်မြို့နယ် ဥပဒေအရာရှိ ဦးမျိုးထက်ဇော်၊ မြို့နယ်ဦးစီးရုံးစာရေး ဦးမြင့်ဇော်၊ ရှေ့နေနှစ်ဦးနဲ့ ကျောက်မဲ ခရိုင်တရားရုံး အငယ်တန်းစာရေး တစ်ဦး၊ စုစုပေါင်း ကိုးဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဘာကြောင့် ခုလိုဖမ်းဆီးထားတယ်ဆိုတာ တိတိကျကျဖြေဆိုတာမရှိဘဲ သူတို့ကို အထက်က တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ရမှာမို့ လတ်တလော ပြောလို့မရသေးဘူးလို့ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

TNLA အနေနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ဖမ်းဆီးရမိသူတိုင်းကို လူသားချင်း စာနာမှုဆိုင်ရာ အခွင့်အရေးအတိုင်းထားရှိသလို စစ်မေးပြီးရင် ပြန်လွှတ်ပေးလေ့ရှိတယ်လို့ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်ကလည်း နမ့်ခမ်းမြို့နယ် နောင်အန်ရွာမှာ TNLA နဲ့ ဒေသအခြေစိုက် ပန်ဆေး ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ ပန်ဆေးပြည်သူ့စစ်ဘက်က သုံးဦး သေဆုံးခဲ့ပြီး ဒု-ခေါင်းဆောင် အပါအဝင် ငါးဦးကို TNLA က ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ TNLA ဘက်က ပြန်လွှတ်ပေးခဲ့ပါတယ်။