TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့ဗုံးကြဲတိုက်ခိုက်ခံရမှု ရှစ်ဦး သေဆုံး

RFA Burmese
2025.01.22
TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့ဗုံးကြဲတိုက်ခိုက်ခံရမှု ရှစ်ဦး သေဆုံး နောင်ချိုမြို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများအား တွေ့ရစဉ်။
Facebook/Thein Aung

[Update: 5: 05 PM, Jan 22, 2025]

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ရှစ်ဦး သေဆုံးတယ်လို့  TNLA က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်ပြီး တစ်ဦး ဒဏ်ရာရတဲ့အပြင် နေအိမ်နဲ့ ရဲစခန်းလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့ ရဲစခန်းအနီးက ပါရမီလက်ဖက်ရည်ဆိုင်ကို လေကြောင်းကနေ ဗုံးကြဲတာဖြစ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့သူတွေနဲ့ ဆိုင်ဝန်ထမ်းတွေ အပါအဝင် အနီးအနားက ဖြတ်သန်းသွားလာသူတွေပါ ထိခိုက်သေဆုံးတာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတာကြောင့် နောက်ထပ်သေဆုံးသူတွေ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်အပြီး ပြင်ဦးလွင်မြို့ဘက်ကနေ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ နောင်ချိုမြို့ဘက်ကို ထပ်ပြီးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးသွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဇန်နဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းမှာလည်း နောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ရုံးနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နောင်ချိုမြို့ကို သိမ်းပိုက်ထားတာပါ။ ဒါကြောင့် စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ပြင်ဦးလွင်မြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကနေ စစ်ကြောင်း ပြန်ထိုးနေတာကြောင့် နေ့စဉ်တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မှတ်ချက်။ TNLA ထုတ်ပြန်ချက်ကို ထပ်မံဖြည့်စွက် ဖော်ပြထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။