မဟာမိတ်သုံးဖွဲ့စလုံး အပစ်အခတ်ရပ်စဲရေး ဆက်လုပ်သင့်၊ မသင့် စဉ်းစားနေ

2021-03-30
Share
မဟာမိတ်သုံးဖွဲ့စလုံး အပစ်အခတ်ရပ်စဲရေး ဆက်လုပ်သင့်၊ မသင့် စဉ်းစားနေ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Arakan Army

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ ထုတ်ပြန်လာခဲ့တဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထုတ်ပြန်သင့်၊ မသင့်ကို စဉ်းစားနေဆဲဖြစ်တယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က RFA ကို ပြောပါတယ်။

ဆန္ဒပြပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ထိပ်ပိုင်းဆောင်တွေက ဆွေးနွေးနေကြတယ်လို့လည်း ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးနောက်ဆုံးကြေညာချက်ဟာ မနက်ဖြန် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA)နဲ့ တပ်မတော်တို့အကြား အချိန် လေးလနီးပါး အပစ်အခတ်တွေရပ်စဲနေတဲ့ ရခိုင်မြောက်ပိုင်းမှာတော့ အပစ်အခတ်တွေရပ်ရေး ထုတ်ပြန်တာမရှိရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

လက်ရှိမြန်မာပြည်တွင်းမှာ ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့လိုအပ်ပြီး မရပ်တန့်ခဲ့ရင် နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ပြည်သူတွေနဲ့အတူ ပူပေါင်းဆောင်ရွက်သွားမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီနေ့ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဒီနေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့