အပစ်ရပ်ဆွေးနွေးရေး စစ်ကောင်စီဘက်က မတုံ့ပြန်သေးကြောင်း TNLA ပြော

RFA Burmese
2024.12.11
အပစ်ရပ်ဆွေးနွေးရေး စစ်ကောင်စီဘက်က မတုံ့ပြန်သေးကြောင်း TNLA ပြော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တစ်ဦးကို ရှေ့တန်းတစ်နေရာတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။
Telegram/ PSLF/TNLA News

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပေမဲ့ စစ်ကောင်စီဘက်က တုံ့ပြန်တာမရှိသေးဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။

လေကြောင်းထိုးစစ်တွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နေရတာနဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်တာတွေကြောင့် စစ်ကောင်စီတပ်နဲ့ ဆွေးနွေးမယ်လို့ TNLA ဘက်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားတာပါ။

အဲဒီနောက် ဒေသအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လျော့နည်းသွားပေမဲ့ ဆွေးနွေးရေးကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်တာ မရှိသေးဘူးလို့ လွေးယေဦးက ပြောပါတယ်။

“လက်ရှိအထိတော့ နှစ်ဖက်ကြားမှာ စေ့စပ်ဆွေးနွေးတာမျိုးတွေတော့ မရှိသေးပါဘူး။ စစ်ကောင်စီဘက်က တုံ့ပြန်တာမျိုးလည်း မရှိသေးပါဘူး”

စစ်ကောင်စီဘက်က ဒေသအတွင်း စားနပ်ရိက္ခာသယ်ဆောင်ရေး လမ်းကြောင်းတွေလည်း ဆက်ပိတ်ထားတယ်လို့ သူကဆိုပါတယ်။

အလားတူ အပစ်ရပ်ဖို့ ထုတ်ပြန်ထားတဲ့ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လျော့နည်းသွားပေမဲ့ တပ်လှုပ်ရှားမှုတွေကတော့ ပုံမှန်အတိုင်း ရှိနေတယ်လို့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

TNLA နဲ့ MNDAA တို့က အပစ်ရပ်ရေး ထုတ်ပြန်ထားတဲ့အပေါ် စစ်ကောင်စီဘက်က ဒီနေ့အထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမရှိသလို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အပါအဝင် မြို့ပေါင်း ၂၁ မြို့ကို MNDAA နဲ့ TNLA တပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက ရွာတချို့မှာ စစ်အင်အားတွေ ထပ်ဖြည့်နေပြီး TNLA တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။