သီပေါက စစ်ကောင်စီ တပ်ရင်းတစ်ခုကို TNLA သိမ်းပိုက်

RFA Burmese
2024.09.27
သီပေါက စစ်ကောင်စီ တပ်ရင်းတစ်ခုကို TNLA သိမ်းပိုက် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က TNLA မှ ထုတ်ပြန်ထားစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၀၃)ကို စက်တင်ဘာလ ၂၆ ရက်နေ့က တအာင်းတပ်မတော် (TNLA) က သိမ်းပိုက်လိုက်တယ်လို့ TNLA နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အဲဒီ တပ်ရင်းကို မနေ့ကသိမ်းယူပြီးနောက် ကျန်နေတဲ့ တပ်ရင်းနှစ်ခုမှာ ဆက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ TNLA နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"သီပေါဘက်က အဆက်သွယ်တွေ ပြတ်နေလို့ မနေ့ည ၁၁ လောက်မှ သတင်းရတယ်။ ၅၀၃ ကို မနေ့ကတည်းက သိမ်းလိုက်ပြီဆိုတာ ဟုတ်ပါတယ်။ ကျန်နေတဲ့ တပ်ရင်းနှစ်ခုကိုလည်း ဆက်ပြီးတိုက်နေတယ်။ လေယာဉ်တွေနဲ့လည်း တောက်လျှောက် ဗုံးလာကြဲနေတာ"

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။

သီပေါမြို့ပေါ်ကို TNLA က ထိန်းချုပ်ထားပြီး မြို့အပြင်မှာရှိနေတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၀၃)၊ ခမရ (၅၀၄)နဲ့ ခြေလျင်တပ်ရင်း ခလရ (၂၃) စတဲ့ တပ်ရင်းသုံးခုကို အခုလဆန်းပိုင်းကစပြီး TNLA က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

တပ်ရင်း သိမ်းယူလိုက်တဲ့ အခြေနေနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သီပေါမြို့နယ်ထဲမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး စက်တင်ဘာလ ၂၃ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အရပ်သား လေးဦးသေဆုံးသွားပါတယ်။

TNLA ဟာ စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင်မြို့နယ် မိုင်းလေးဆယ်ခန့်အကွာ နောင်ချိုမြို့နယ်ထဲက အမြောက်တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။