မူဆယ်နဲ့ နမ့်ခမ်းကို စားသောက်ကုန်သယ်ယူခွင့် စစ်ကောင်စီနဲ့ TNLA အပြန်အလှန်ပိတ်ဆို့
2024.12.02
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်နဲ့ နမ့်ခမ်းမြို့တွေထံ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က အပြန်အလှန်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်တဲ့ မူဆယ်မြို့ကနေ TNLA ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့ထံ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး ပိတ်ထားလိုက်တာလို့ နမ့်ခမ်း ဒေသခံတစ်ဦးက ပြောပါတယ်။
“မူဆယ်မြို့အထွက် ပန်ခမ်းတံတားကနေ ပိတ်ထားတာဗျ။ ဘာမှထွက်လို့ မရဘူး။ ဆိုင်ကယ်နဲ့ ဟင်းချက်စရာ ရောင်းတဲ့သူတွေတောင် ပေးမသွားတော့ဘူး။ လူကတော့ ဝင်ထွက်လို့ရတယ်”
TNLA ဘက်ကလည်း နမ့်ခမ်းကနေ မူဆယ်မြို့ဘက် စားသောက်ကုန် သယ်ယူခွင့်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပိတ်ထားလိုက်ပြီလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“TNLA က နမ့်ခမ်းဘက်ကို ကုန်ပစ္စည်းမသယ်ဖို့ မနေ့က ကန့်သတ်လိုက်ပြီ။ စက်ဆုံးဆီ မရဘူး။ စားသောက်ကုန် မရဘူး။ ကျန်တဲ့ပစ္စည်းတွေကတော့ သူတို့ စာရင်းထုတ်ပေးမယ်ပြောတယ်။ အခုတော့ ဘာမှပေးမသယ်တော့ဘူး”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ နမ့်ခမ်းကနေ မူဆယ်ဘက်ကို ကုန်ပစ္စည်းတင်ပို့မှုအပေါ် ကန့်သတ်ထားတာ မရှိသေးဘူးလို့ ငြင်းဆိုပါတယ်။
လက်တွေ့မှာတော့ မူဆယ်-နမ့်ခမ်းလမ်းမှာ နှစ်ဖက်တပ်ဖွဲ့တွေက ကုန်စည်သယ်ခွင့်ကို ကန့်သတ်ထားတာကြောင့် နှစ်မြို့လုံးမှာ ကုန်ဈေးနှုန်းတွေတက်လာသလို ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေလည်း လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ မူဆယ်မြို့ တစ်မြို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က မူဆယ်မြို့ကို ၀ိုင်းပတ်ပိတ်ဆို့ထားပါတယ်။
တရုတ်နိုင်ငံကတော့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်စည်သယ်ဆောင်ခွင့်တွေကို ပိတ်ဆို့ထားပြီး စစ်ကောင်စီကလည်း ပြည်မကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကုန်စည်သယ်ခွင့် ကန့်သတ်ထားပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။