ရခိုင်ပြည်နယ် မောင်တောမြို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူနှစ်ဦးဟာ ဧပြီလ ၂၁ ရက်နေ့ မနေ့က မောင်တောခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံလိုက်ရ တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ဒီနေ့ပြောပါတယ်။
မောင်တောမြို့က ကိုညီညီနိုင်နဲ့ မောင်တောမြို့နယ် ငွေတောင်ရွာက ဦးအောင်လှသိန်း တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ဈ) နဲ့ အခုလို ထောင်ဒဏ်ချမှတ် ခံလိုက်ရတာလို့ ကိုညီညီနိုင်ရဲ့ ရှေ့နေ ဦးဦးခင်ဝင်းက ပြောပါတယ်။
"ကိုညီညီနိုင်ကတော့ အမှုနှစ်ခု၊ ဦးအောင်လှသိန်းကတော့ အမှုတစ်ခု တရားစွဲ ခံထားရတာ။ အခုက ပြစ်မှုထင်ရှားတယ်ဆိုပြီး အမှုနှစ်ခုအတွက်ပါ တစ်ပေါင်းတည်း ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်တာပါ။ အယူခံ ဆက်တက်မလား၊ မတက်ဘူးလားဆိုတာ ကိုတော့ မိသားစုဝင်တွေက လာပြောတာမရှိသေးဘူး။ ချုပ်ရက်ပါ ခံစားခွင့်ရှိပါတယ်"
အခုလက်ရှိမှာတော့ သူတို့နှစ်ဦးဟာ ဘူးသီးတောင် အကျဥ်းထောင်ကို ပို့ဆောင်ခံထား ရတယ်လို့လည်း ဆိုပါတယ်။
ကိုညီညီနိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက မောင်တော-ဘူးသီးတောင် ကားလမ်းမပေါ်မှာ မြေမြှုပ်မိုင်းထောင်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
သူရဲ့ဖုန်းကို စစ်ဆေးတဲ့အခါမှာ သူနဲ့အတူတူ ဦးအောင်လှသိန်းကိုလည်း သေနတ်ကိုင်ထား တဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ ဓာတ်ပုံရိုက်ထားတာတွေ့ရှိတဲ့အတွက် အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲခံခဲ့ရတာပါ။
ကိုညီညီနိုင်ရဲ့ အစ်ကိုဖြစ်သူ ဦးကိုကိုနိုင်ကတော့ သူ့ရဲ့ ညီဖြစ်သူဟာ AA နဲ့ ဆက်စပ်မှု မရှိတာကြောင့် တရားရုံးရဲ့ အမိန့်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
“ကျနော့်ညီက ရွှေပန်းထိမ်လုပ်ပြီး မိသားစုကို ထောက်ပံ့ပေးနေတယ်။ AA တပ်ဖွဲ့ဝင် လည်း မဟုတ်ဘူး။ အဲဒီနေ့က ပျော်ပွဲစားသွားရင်းနဲ့ ဖမ်းဆီးခံခဲ့ရတာ။ ဓာတ်ပုံတွေ့တယ် ဆိုတာက Photoshop နဲ့ ဖြတ်ညှပ်ကပ် လုပ်ပစ်ရင်လည်း ရတာပဲ။ အဲဒါကို အခုလို အမိန့်ချတာကို ကျနော်တို့ မကျေနပ်ပါဘူး။ အယူခံလည်း ဆက်မတက်တော့ပါဘူး။ ဘာမှလည်း ထူးလာမှာ မဟုတ်ဘူးလေ”
မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာက ဒေသခံနှစ်ဦးဟာလည်း ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က)၊ ၅၁(က) တို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ တစ်ရာကျော်ကို အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက အမှုရုပ်သိမ်းပြီး ပြန်လွှတ် ပေးခဲ့ပေမယ့် နောက်ထပ် ၂၀ ကျော်ကတော့ အခုအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။