ခင်ဦးက စစ်ကောင်စီသတင်းပေးဆိုသူ နှစ်ယောက် အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ သားအဖနှစ်ယောက်ဟာ ဩဂုတ်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်က နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အသက် ၄၀ အရွယ် ဦးဖိုးပြားနဲ့ သူ့ရဲ့သား အသက် ၂၄ နှစ်အရွယ် ကိုချစ်ဦး တို့ဖြစ်ပြီး စစ်ကောင်စီအဖွဲ့တွေ ရွာကို ဝင်ရောက်စီးနင်းပြီး သူတို့ဖမ်းချင်တဲ့သူတွေရဲ့ နေအိမ်တွေကို လိုက်ပြပေးခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ကြောင့် ရွာကမှာ မနက်ခင်းကြီး တစ်ခါတုန်းက ဝင်တုန်းက ဖမ်းခံရတယ်။ ကိုဖိုးသော ဆိုတာ ထောင်နှစ်နှစ် ကျသွားတယ်။ ဘာမှမလုပ်ဘူး သူ့ဘာသာ မူးပြီး အိပ်နေတာ ကျန်တဲ့သူက ပြေးသွားပြီး သူကမပြေးတော့ ဖမ်းပြီးထောင်ချလိုက်တာ။ အဲဒါ နှစ်နှစ်ကျသွားပြီ ရွှေဘိုထောင်မှာ"

ဦးဖိုးပြားတို့ဟာ စစ်ကောင်စီရဲ့ တပ်တွေကို သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ မသင့်မြတ်တဲ့အိမ်တွေကို ဝင်ရှာခိုင်းတာ၊ စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာချိန်မှာ ဖုန်းဘေလ်ရောင်းတဲ့ ဆိုင်ကပါ ဖုန်းဘေလ်ကအစ ယူဆောင်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းပေးဆိုသူ ဦးဖိုးပြား တို့ သားအဖနှစ်ယောက် ပစ်သတ်ခံရပြီးနောက်မှာ ဦးဖိုးပြား ရဲ့ဇနီး ဒေါ်ခင်မိုးမြင့် က ပစ်ခတ်သူတွေနောက် ဓားနဲ့လိုက်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပေမယ့် ကြီးကြီးမားမား ဒဏ်ရာ ရတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။

ရွာသန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကလည်း ပျုစောထီး ခေါင်းဆောင်ဆိုသူ ဦးအုန်းမြိုင် အသတ်ခံခဲ့ရပါတယ်။ မနေ့ညက သေဆုံးသူ ဦးဖိုးပြား တို့ သားအဖ နှစ်ယောက်ဟာလည်း ဦးအုန်းမြိုင် ရဲ့ နောက်လိုက် ပျုစောထီးသင်တန်း တက်ထားသူတွေဖြစ်ပြီး တူမီးသေနတ်နဲ့ ဓားရှည်တွေလည်း ပိုင်ဆိုင် ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ သတင်းပေးဆိုသူတွေ၊ အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီး ဆိုသူတွေ ၁၅ ယောက်ဝန်းကျင် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။