စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို ဇူလိုင်လ ၇ ရက်နေ့ မနက်က စစ်ကောင်စီ တပ်သား ၂၀ ဦးကျော် ဝင်ရောက်ခဲ့ပြီး အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ဦးတင်ထူးနဲ့ အသက် ၂၆ နှစ်အရွယ် ကိုသန်းထိုက်တို့ကို ဖမ်းဆီးခံရပြီးနောက် မီးလောင်ကျွမ်းနေတဲ့ သူတို့ရုပ်အလောင်းတွေကို ရွာသားတွေက ပြန်လည်တွေ့ရှိခဲ့တာပါ။
ဦးတင်ထူးနဲ့ ကိုသန်းထိုက်တို့ နှစ်ဦးဟာ ရွာအလယ်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မြကန်ရွာထဲကပဲ ပြန်လည်တွေ့ရှိခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။
အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
လက်ရှိ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်မှာ တစ်ရွာဝင် တစ်ရွာထွက် စီးနင်းနေပြီး အရပ်သားတွေရဲ့ စားသောက်ကုန်ပစ္စည်းတွေကအစ သယ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ရွာသစ်ကုန်းကနေ အင်းပတ်ရွာနဲ့ ချမ်းသာကုန်းရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။