သေဒဏ်ကျ မြန်မာ ၂ ဦးက အစိုးရကို မေတ္တာရပ်ခံ

2017-07-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ဖို့ မတ်လ ၄ နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြစဉ်
သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ဖို့ မတ်လ ၄ နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြစဉ်
Photo : Aung Thain Kha/RFA

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသား ၂ ယောက်က မိသားစုဝင်တွေနဲ့ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ဆုံရာမှာ အခု နောက်ဆုံး အယူခံနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရနဲ့ ရှေ့နေတွေက အတတ်နိုင်ဆုံးကူညီဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက ဘန်ခွမ်ဗဟိုအကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်း နဲ့ ဇော်လင်း တို့ကို သူတို့ရဲ့ မိခင်တွေ မနေ့က သွားရောက်တွေ့ဆုံရာမှာ လိုက်ပါသွားခဲ့တဲ့ အိမ်နီးချင်း ဦးကျော်အေးမောင် က RFA ကို ခုလို ပြောပါတယ်။

"ဇော်လင်း ပြောတာကတော့ အမှုနဲ့ပတ်သက်ပြီး ရှေ့နေတွေကို သူပြောလိုက်တာကတော့ အရင် နှစ်ကြိမ် သူတို့ကို သေဒဏ် အတည်ပြုထားပြီးပြီ ဒါက နောက်ဆုံး အမြင့်ဆုံး တရားရုံးကို တက်မှာဆိုတော့ အချိန်ယူပြီးမှ အကောင်းဆုံးဖြစ်အောင် အကူအညီပေးဖို့၊ နိုင်ငံတော် အစိုးရအနေနဲ့ကလည်း အတတ်နိုင်ဆုံးအကူအညီပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် ဆိုပြီးတော့ အဲ့လိုမှာလိုက်ပါတယ်။"

မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေတရားရုံးကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ပြီး တရားခံရှေ့နေတွေက နှစ်ကြိမ် အယူခံတင်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်။ အခုနောက်ဆုံး အယူခံတင်ရမယ့်ရက်ကို တရားရုံးက လာမည့် သြဂုတ်လ ၂၁ ရက်နေ့အထိ ရက်ထပ် တိုးပေးခဲ့ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာရှေ့နေတွေက အပြီးသတ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် ကပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့