ကမာရွတ်ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားနှစ်ဦး ကျည်ထိမှန် သေဆုံး

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ ကမာရွတ်ရဲစခန်းမှာ ဧပြီလ ၂၁ ရက် ဒီနေ့မနက် အစောပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ရဲစခန်းထဲကနေ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် လမ်းပေါ်မှာ သွားလာနေတဲ့ အရပ်သားဈေးသည်နှစ်ဦး ကျည်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကမာရွတ်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မနက်အစောပိုင်းဆိုတော့ ဈေးသည်တွေ အပြင်ထွက်တဲ့အချိန်နဲ့ တိုးသွားတာ။ တက္ကစီပေါ်က တစ်ယောက်က တောင်ဥက္ကလာ မြင်သာဘက်က ဈေးတစ်ခုမှာ ငါးသွားရောင်းမယ့်သူ။ သူက ချိုင်းအောက်ကို မှန်တာ။ နောက်တစ်ယောက်ကတော့ ပြည်ရိပ်မွန်အိမ်ရာက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အမျိုးသားပါ။ သူကတော့ ခေါင်းကိုမှန်တာပါ။ နှစ်ယောက်လုံး ပွဲချင်းပြီး ဆုံးသွား ကြပါတယ်"
ကမာရွတ်ရဲစခန်းထဲမှာ မနက် ၅ နာရီလောက်မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး မနက် ၆ နာရီနဲ့ ၇ နာရီကြားမှာလည်း နောက်ထပ် နှစ်ကြိမ် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပထမအကြိမ်ပေါက်ကွဲစဉ် တုန်ခါမှုကြောင့် ဗဟိုလမ်းမကြီးနဲ့ ကမာရွတ်ဘက်သွားတဲ့ လမ်းဆုံက ဓာတ်မီးတိုင် တချို့ပါ မီးထတောက်ခဲ့သလို တိုက်ခန်းတွေပါ တုန်ခါသွားတယ် လို့လည်း ဆိုကြပါတယ်။
ဒီနေ့တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။ ရဲစခန်း ထဲက ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။
ဗုံးပေါက်ကွဲပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး လုံခြုံရေး တိုးချ ထားတယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။
"အခုချိန်အထိတော့ အဖမ်းအဆီးသတင်း မကြားသေးပါဘူး။ ဒါပေမဲ့ စစ်တပ်က ကင်းပုန်းတွေ အများကြီး ချထားခဲ့တယ်။ ဒီမနက် ၈ နာရီ ၄၅ မိနစ်လောက်မှာတော့ ကမာရွတ်ရဲစခန်းရှေ့မှာ လူတွေ ပုံမှန်အတိုင်း သွားလာနေကြတာ တွေ့ပါတယ်"
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကလည်း ကမာရွတ်မြို့နယ် အမှတ် ၁၀ ရပ်ကွက်၊ အင်းလျား လမ်းမပေါ်က ဇော်ဂျီလမ်းနဲ့ ပန်းဝါလမ်းထောင့်မှာရှိတဲ့ စစ်ကောင်စီထိပ်ပိုင်း တာဝန်ရှိသူ တွေ နေထိုင်တဲ့ အိမ်ရာဝန်းဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို “နန်းထိုက်အောင်” စစ်ဆင်ရေးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ခဲ့ပါတယ်။