စစ်ကိုင်းတိုင်း ခင်ဦးမှာ သတင်းပေးနဲ့ ရွာတာဝန်ခံတို့ အသတ်ခံရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့ ကံသစ်ကျေးရွာအုပ်စု နှောကုန်းကျေးရွာမှာ စစ်ကောင်စီကခန့်ထားတဲ့ ကျေးရွာ တာဝန်ခံ ဦးကျော်စိန်ဝင်းနဲ့ စစ်ကောင်စီသတင်းပေး ဦးအောင်တင့်တို့ နှစ်ဦး ဓားဒဏ်ရာတွေနဲ့ အသတ်ခံ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ နှစ်ယောက်ဟာ ဒီနေ့မနက်ပိုင်းက ရွာလမ်းဘေး ဘဲခြံအနားမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေပြီး မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနဲ့ ရဲတွေက လာသယ်သွားပါတယ်။
သူတို့ နှစ်ယောက်ဟာ စစ်ကောင်စီက တရားမဝင်ဘူးလို့ အမိန့်ထုတ်ထားတဲ့ Mizzima , DVB သတင်းတွေ ထုတ်လွှင့်တဲ့ PSI စလောင်းတွေကို လိုက်ဖြုတ်ခိုင်းတာ၊ ဂျင်ဂလိလို လက်လုပ်လက်နက်တွေကို အပ်ခိုင်းတာ၊ စစ်အာဏာသိမ်းတာကို လက်မခံသူတွေကို စောင်းမြောင်းဆဲဆိုတာတွေ လုပ်ခဲ့တာတွေကြောင့် ဒေသခံတွေ က မကျေနပ်ဖြစ်နေကြတယ်လို့ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အိမ်စီးကား ၂ စီးနဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ အရပ်ဝတ် စစ်သားတွေနဲ့အတူ ပြည်ထောင်စု ကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်ကားတွေက အသတ်ခံရတဲ့ မိသားစုဝင်တွေကို ခေါ်သွားတယ်လို့ မျက်မြင်တွေ့ သူတွေက ပြောပါတယ်။
အဲဒီအခင်းဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်တွေ နောက်ထပ်ရောက်လာမှာကို စိုးရိမ်ပြီး ထိတ်လန့်နေကြ ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ခင်ဦးမြို့နယ် အိုင်ပေါက်ကြီးကျေးရွာမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးဆိုသူ တစ်ဦးလည်း မနေ့က မေ ၂၈ ရက်မှာ အမည်မသိ လူ နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပါတယ်။