စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် အထူးဆောက်လုပ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ကိုယ်ပိုင်နံပါတ် တ-၅၁၅၂ဝ၇ တပ်သား မျိုးမင်းထွန်း နဲ့ ကိုယ်ပိုင်နံပါတ် တ-၅၁၅၂ဝ၆ တပ်သား ဖြိုးဝေဦး တို့ ၂ ယောက်ဟာ ဧပြီလ ၃ဝ ရက်နေ့က စစ်တပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး ရှမ်းပြည်မြောက်ပိုင်း လွတ်မြောက်နယ်မြေတခုကို အခု ရောက်ရှိနေကြပါပြီ။ ကိုမျိုးမင်းထွန်းက ရှမ်းမြန်မာဖြစ်ပြီး အသက် ၄ဝ နဲ့ ကိုဖြိုးဝေဦးက ရှမ်းနီတိုင်းရင်းသား အသက် ၂၆ နှစ်ပါ။ ဒီသူငယ်ချင်း ၂ ယောက်ဟာ စစ်သင်တန်း တပတ်တည်းဆင်းတွေဖြစ်ကြပြီး စစ်သက် ၅ နှစ်ရှိကြပါပြီ။ တပ်သား မျိုးမင်းထွန်း ကသူ့ရင်ထဲက စကားတွေကို သိပ်မပြောတတ်ဘူး။ အာဏာသိမ်း ကတည်းက စစ်တပ်ကို မကြိုက်တော့ဘူးလို့ RFA ကို ပြောပါတယ်။
"အခုလိုမျိုး ဖြစ်နေတာ မြင်တဲ့အခါကျတော့ လုံးဝ မခံစားနိုင်ဘူး။ မြင်ရကြားရတာ လုံးဝသည်းမခံနိုင်ဘူး အဲလိုဖြစ်တာ။ စိတ်မကောင်းဘူး ဝမ်းနည်းတာပေါ့။ အဲလိုလုပ်တာ မကျေနပ်ဘူး။ ပြီးတော့ တစိမ်းတွေမဟုတ်ဘူးလေ အရပ်သားတွေကို။ ကြာလေလေ ပိုဆိုးလေလေ ဖြစ်လာတော့ မနေနိုင်တော့ဘူး လမ်းကတော့ ရွေးရတော့မှာဆိုပြီး လွတ်အောင်လို့လာတယ်၊ ဒီရောက်မှ အရပ်ဖက်အဖွဲ့နဲ့ဆက်သွယ်ပြီး CDM လုပ်တာပါ။ ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ အဆုံးထိလုပ်သွားမယ် အာဏာရှင် ပြုတ်ကျရေးကို။"
တပ်ထဲမှာ အင်တာနက်မရတဲ့အတွက် အပြင်လောကမှာဖြစ်ပျက်နေတာတွေကို သူတို့ သိပ်မသိရဘူးလို့လည်း သူက ပြောပါတယ်။
"ကျနော်တို့တပ်ထဲမှာတော့ သုံးမရဘူး ပိတ်ထားတယ်၊ အပြင်လဲထွက်မရတော့။ တပ်အနီးအနားလဲ သုံးမရဘူး။ နေပြည်တော်ထဲမှာတော့ ရတဲ့နေရာ ရတယ်လို့ ပြောတယ် အဲလိုကြားတယ် အဲလောက်ထိလည်း မသွားရဘူးလေ ကျနော်တို့က ။ အရင်လိုင်းမပိတ်ခင်က သုံးတယ် အခုနောက်ပိုင်းက ကြည့်လို့မှ မရတာ လိုင်းမရတော့။ အရပ်ဖက်အဖွဲ့အစည်းတွေဆီကို ရောက်လာမှ သူတို့ချိတ်ဆက်ပေးလို့ သုံးလို့ရတာ။"
စစ်သားအများစုက သူတို့လိုပဲ ခံစားသိရှိကြပါတယ်။ ပြည်တွင်းမှာ တိုက်ပွဲတွေ တကယ်ဖြစ်လာရင် ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းကြမှာပါ၊ စစ်ကောင်စီကို သစ္စာခံမယ့်သူ မရှိသလောက်ပါပဲလို့လည်း တပ်သားမျိုးမင်းထွန်းက ပြောပါတယ်။
“တချို့လူတွေလည်း ဘယ်လိုမှ မရုန်းထွက်နိုင်တဲ့လူတွေရှိတာပေါ့။ သူတို့မကောင်းတာကို သိရဲ့သားနဲ့။ တချို့က မိသားစု နဲ့ဆိုတော့၊ မိသားစုက ကျန်နေခဲ့မှာလေ။ မိသားစုလိုက် ထွက်လို့မှမရတာ။ တော်တော်များများက ဒီအကြောင်းကိုသိနေတယ် အသေအကြေတော့ ပြန်ချဖို့မရှိဘူး ။ ပူးပေါင်းရင်တော့ ပူးပေါင်းဖို့တော့ များတယ်။ သူတို့လုပ်တာ မကောင်းဘူးဆိုတာ အကုန်လုံးက သိတယ်၊ ဒါကို ရုန်းထွက်ရတာလဲ ခက်လို့ အဲဒီအခွင့်အရေးဖြစ်လာဖို့ပဲ စောင့်နေကြတဲ့ လူတွေက များတယ်။”
တပ်သား ဖြိုးဝေဦး ကတော့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ဇာတိပါ။ စစ်တပ်ထဲမှာ နားတွေ၊ ပါးစပ်တွေနဲ့ မျက်စိတွေပါ ပိတ်ထားခံရတဲ့ သူတို့ တပ်သားတွေရဲ့ ဘဝတစေ့တစောင်းကို သူ့ဆီက အခုလို ကြားရပါတယ်။
"မကြိုက်ဘူးဗျ အာဏာစပြီးသိမ်းကတည်းကိုက။ ကျနော်က တိုင်းရင်းသားဒေသက လာတာ နယ်စပ်ကလာတာဆိုတော့ နဂိုထဲက အမြင်မကြည်တာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် တပ်ထဲရောက်လာပြီးမှတော့ ပင်စင်ရတဲ့အထိ ကောင်းကောင်းမွန်မွန် နေသွားမယ်လို့ စိတ်ထဲရှိတာ။ အာဏာသိမ်းတဲ့ဖြစ်စဉ် ဖြစ်လာတော့ မကြိုက်ဘူး။ လူတွေ သေသွားပြီဆိုထဲက ဘယ်ကောင်းမလဲ။ လက်နက်ကိုင်အချင်းချင်း တိုက်နေတာလဲမဟုတ်ဘူး ကိုယ့်ပြည်သူတွေ ဆန္ဒပြနေတာကို ကိုယ့်ပြည်သူပြည်သားတွေဘဲ ပြန်ပစ်နေတယ် မကြိုက်ဘူး ။ နောက်ပိုင်းတဖြည်းဖြည်း အသေအပျောက်တွေ များလာတယ် စိတ်က တမျိုးတမည်ဖြစ်လာတယ် ခံစားချက်က သိပ်မကောင်းတော့ဘူး။ အစောပိုင်းတော့ ည ၁ မနက် ၉ အင်တာနက်ဖြတ်တဲ့ အချိန်တုန်းက သတင်းကြည့်လို့ရသေးတယ်။ ပြီးတော့ ဝိုင်ဖိုင်တွေစဖြတ်တော့ ကျနော်တို့တပ်တွေက ဝိုင်ဖိုင်မရတော့ မသုံးရတော့ဘူး။ အဲဒီထဲက စပြီး ကျနော်တို့ သတင်းတွေ ပြတ်သွားတာပဲ။ မပိတ်ခင်မှာ မြသွဲ့သွဲ့ခိုင်လား နေပြည်တော်မှာ စဖြစ်တဲ့ဖြစ်စဉ် အဲဒီတခုသိရတယ်။ နောက်ကျတော့ မန္တလေးဘက်မှာ ကျတာကြားရတယ်။ အဲဒီနောက်ပိုင်း သတင်းအဆက်သွယ်ပြတ်သွားတာ။ ကျနော်တို့ နောက်ဆုံးကြားရတုန်းက သေဆုံးတာ ရာဂဏန်းလောက်ဘဲရှိတယ် အခု ၈ဝဝ လောက်ကျတယ်ဆိုတာ အခုထွက်လာမှဘဲသိတယ် အဲဒီလောက်ထိ။ မသိကြဘူးဗျ မဇ္ဈိမတော့ ကြည့်လို့ရတယ်။ ကြည့်တော့လဲ ခဏလေး။ မကြိုက်ကြဘူးလေ။ အရာရှိလာရင် မင်းတို့ဘာတွေကြည့်နေကြတာလဲဆိုပြီး လိုင်းပြောင်းလိုက်တာမျိုး ၊ အရာရှိ မကြိုက်မှာစိုးလို့ သူလာရင် မြဝတီလိုင်း ပြောင်းလိုက်တာမျိုး။ ဘာမှလဲ သတင်းမကြားရတာဆိုတော့ အေးအေးဆေးဆေးလိုဖြစ်နေတယ်။ ကိုယ့်အိမ်ကိုဘဲ ဖုန်းဆက်မေး ၊ နယ်မှာ သူငယ်ချင်းတွေက ဆန္ဒပြသပိတ်တွေလုပ်နေတော့ သူတို့ပြောပြတာပဲ နားထောင်ရတာ။"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ ကြွယ်ဝချမ်းသာမှုတွေကို သူတို့သိပါသလား။
“နောက်ပိုင်း သတင်းတွေမှာ သူတို့နောက်ကြောင်းတွေ လိုက်ဖော်နေတာ တွေ့ရ မြင်ရပါတယ်၊ သူတို့သမီး ဆေးရုံတွေ ပိုင်တယ် ဘာတွေပိုင်တယ် ဆိုတာ တွေ့ရတယ်။ အရင်ထဲက သူတို့ချမ်းသာတာတော့ သိတယ်။ ဘာတွေပိုင်ဆိုင် တယ်တော့ မသိဘူး။ သတင်း စုံစမ်းတဲ့သူတွေက လိုင်းပေါ်တင်မှ သိရတာပေါ့ ဘာတွေပိုင်တယ် ဘယ်လောက်ထိ ချမ်းသာတယ်ဆိုတာ။”
တရားဝင်ရတဲ့ဝင်ငွေနဲ့ အဲဒီလောက်များပြားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို သူတို့ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုတာကော သိသလားလို့ ထပ်ပြီးမေးတဲ့အခါ-
“သိတာပေါ့။ စဉ်းစားလို့ရတာပေါ့ ပုံမှန်လစာ တပ်ချုပ်လစာ သိန်း ၅ဝ လောက်နဲ့ အဲဒီပိုင်ဆိုင်မှုတွေ ဘယ်လိုရမလဲ၊ တလစာ မစားဘဲ စုရင်တောင် အဲလောက်ချမ်းသာစရာ အကြောင်းမရှိဘူး။”
အဲဒီတော့ သူတို့ အခု ဘာဆက်လုပ်မှာလဲ။
“အခြေအနေ အခွင့်အလမ်းပေးရင် PDF အထိ သွားပြီး တာဝန်ထမ်းဆောင်ဖို့တော့ စိတ်ဆန္ဒရှိတယ်၊ ထွက်လာကတည်းက အဲလိုဆုံးဖြတ်ပြီး ထွက်လာခဲ့ကြတာ”
တပ်ကနေအခု ဘယ်လိုထွက်လာကြတာလဲဆိုတော့-
“ကျနော်တို့ထွက်ဖို့လုပ်တာ တော်တောကြာပြီ ဧပြီလလယ်လောက်ထဲက ထွက်ဖို့၊ ဒါပေမဲ့ အခြေအနေက မပေးဘူး။ ရဲဘော်ဆိုတော့ ပိုက်ဆံကလဲ မရှိဘူးလေ၊ လမ်းစရိတ်ကလဲ ထောင်းဦးမယ်ဆိုတော့ လကုန်အထိ အချိန်စောင့်လိုက်တယ် လစာထုတ်ပြီးပြီဆိုတာနဲ့ ကျနော်တို့ ဆိုင်ကယ်ရှိတော့ ဆိုင်ကယ်နဲ့ ထွက်လာခဲ့တယ်။ ဘေးနားမှာ ရွာလေးတွေ ရှိတယ် ပုံမှန်အတိုင်း ဈေးသွားဝယ်တဲ့ ပုံနဲ့ ဒီလိုဘဲ ထွက်လာခဲ့တယ်။”
စစ်တပ်က အခုလို အာဏာသိမ်းခဲ့တာဟာ လူထုအတွက် အခွင့်အရေးတခုဖြစ်လာတယ်လို့လည်း တပ်သား ဖြိုးဝေဦးက ပြောပါတယ်။
"ရှင်းရှင်းပြောရရင် အာဏာရှင်စနစ်ပြုတ်ကျဖို့က သူတို့ကိုယ်တိုင် အခွင့်အရေးပေးတာပဲလေ။ သူတို့ပေးတဲ့အခွင့်အရေးကို ဒီတခေါက်မှာ မဖြုတ်ချနိုင်ဘူးဆိုရင် သိပ်အဆင်မပြေဘူး။ ဒီတခေါက်ကို မပြုတ်ပြုတ်အောင် ဖြုတ်ရမယ်လို့ပဲ ပြောချင်တယ်။"
တိုင်းရင်းသားတွေရဲ့ ဘဝကို ပြည်မမှာ နေထိုင်သူတွေ စာနာမိလာတဲ့အတွက် သူအရမ်းဝမ်းသာတယ်လို့လည်း ဆိုပါတယ်။
“ဟိုတုန်းကတော့ တောင်တန်းဒေသမှာ လူသတ် မုဒိမ်းကျင့်တယ်ဆိုလဲ တောင်တန်းမှာသွားဖြစ်တာ သူ့ဘာသာဖြစ်တာပဲဆိုပြီး ပြည်မကလူတွေက သိပ်ခေါင်းထဲမရှိဘူး။ သူတို့ခံစားရတာ မဟုတ်တော့၊ ခုတော့ ကိုယ်တိုင် ပစ်သတ်ခံရတယ် ဖမ်းဆီးခံရတယ် နှိပ်စက်ခံရတယ်ဆိုတော့ ပြည်မကလူတွေလည်း စာနာမိလာကြတာပေါ့။ အခုတော့ တသားတည်းဖြစ်နေကြပါပြီ ”
သူတို့ကို တပ်က အရာရှိတွေက ဖုန်းကနေ မက်ဆေ့ချ်တွေပို့ပြီး ပြန်လာကြ၊ အရေးမယူဘူးလို့ ပြောပေမယ့် အယုံအကြည်မရှိသလို နောက်ကြောင်းပြန်လှည့်မှာလည်း မဟုတ်ပါဘူး။ ပြည်သူ့တွေနဲ့ လက်တွဲပြီး အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီးကြပြီလို့လည်း နေပြည်တော် ဆောက်လုပ်ရေးတပ်က ထွက်လာတဲ့ တပ်သား မျိုးမင်းထွန်း နဲ့ တပ်သား ဖြိုးဝေဦး တို့က RFA ကိုပြောပါတယ်။