စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က မဲအိုးကျေးရွာနဲ့ ညောင်လှကျေးရွာတွေကို ဧပြီလ ၁၉ ရက်နဲ့ ၂၀ ရက်တွေက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် ကျေးရွာနေ ပြည်သူသုံးဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ဧပြီလ ၁၉ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စတင် ဝင်ရောက်ခဲ့ပြီး ဒီပဲယင်းမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ ရေဦးမြို့နယ်ကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဝင်လာတာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်လှကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"စုစုပေါင်း သုံးဦး အသတ်ခံရတယ်။ မိုင်းဆွဲတာ၊ တိုက်ပွဲဘာညာ မရှိဘဲနဲ့ ဒီအတိုင်း အလုပ်ခံရတာ။ ပြည်သူကတော့ သူတို့လာရင် ပြေးကြတာ။ သေသွားတဲ့လူတွေက မဲအိုးနဲ့ ညောင်လှရွာကြားက မူးခတွင်းရွာက အသက် ၇၀ လောက်ရှိတဲ့ အဘိုးနဲ့ အဘွားပါ။ အဘွားနာမည်ကတော့ ဒေါ်နုစိန်လို့ ပြောသံကြားတယ်။ ကျနော်တို့ ညောင်လှမှာတော့ အသက် ၃၀ လောက်ရှိတဲ့ ကိုနေမျိုးဦးဆိုတဲ့သူ အသတ်ခံရပါတယ်။ နောက်မှာ လက်ပြန်ကြိုး တုပ်ထားတယ်။ လှံနဲ့ ထိုးထားတဲ့ ဒဏ်ရာတချို့ ရှိတယ်။ ခေါင်းကို တေ့ပစ်ထားတဲ့အတွက် ဦးခေါင်းတွေ ပွင့်ထွက်ပြီးတော့ သေနေတာ"
ဒေသခံ သုံးယောက်စလုံးကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်ခဲ့တာဖြစ်ပြီး မဲအိုးကျေးရွာ မှာ အိမ် ၁၇ လုံး၊ ညောင်လှကျေးရွာမှာ အိမ်အလုံး ၄၀ ကျော်၊ စုစုပေါင်း အိမ် ၅၇ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၇၀ အရွယ် အဘိုးနဲ့ အဘွားကတော့ မူးခတွင်းရွာမှာ ပစ်သတ်ခံရတာဖြစ်ပြီး သူတို့ ဝင်လာတဲ့ စစ်ကြောင်းကို ထွက်ကြည့်လို့ ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ညောင်လှကျေးရွာမှာ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်လို့ ရွာသားတချို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲက ဝဲကြီး၊ သပြေဇာ၊ ညောင်လှ၊ နဘဲလှ၊ မရကန်၊ ကုန်းတဲ၊ သစ်တုံ၊ အင်ပင်၊ ညောင်ကြီးကုန်းနဲ့ မူးခတွင်း စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ရွာသားတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ သေနတ်နဲ့ ပစ်တာ၊ ဓာတ်ဆီဆိုင်၊ ဆိုင်ကယ် စတာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ သုတသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီး သွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိပြီး အဲဒီအထဲက စစ်ကိုင်းတိုင်း တစ်ခုတည်းမှာ လူနေအိမ် ၅၆၁၇ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။