ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းတံတားအဆင်းမှာ မနေ့ ည ၁၁ နာရီလောက်က ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးဦးဟာ ရပ်တန့်စစ်ဆေးမခံတဲ့အတွက် စစ်တပ်က ပစ်ခတ်ခဲ့လို့ လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ လှိုင်သာယာဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင် မနေ့ ည ၉ နာရီခွဲလောက်မှာ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးကျော်စိုးထွန်းနဲ့ သူ့တပည့် ရာအိမ်မှူး ဖိုးထူးတို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့ ကြောင့် စစ်တပ်က လှိုင်သာယာတစ်မြို့နယ်လုံးကို ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေခဲ့တာပါ။
"ညက ဥက္ကဋ္ဌရော၊ သူ့တပည့် ရာအိမ်မှူးရော နှစ်ယောက်စလုံး ထိသွားတယ်။ ရာအိမ်မှူးက သုံးချက်၊ ဥက္ကဋ္ဌက ခေါင်းကို တစ်ချက်မှန်တယ်။ သေတယ်။ ညက ၉ နာရီခွဲလောက်မှာ ဖြစ်တာ။ ကလေးနှစ်ယောက် အပစ်ခံရတာက ရွှေလင်ပန်းဘက်မှာဖြစ်တာ။ သူတို့က ဆိုင်ကယ် ရပ်မပေးလို့ အပစ်ခံရတာ။ ဆိုင်ကယ် သုံးယောက် စီးလာတာ။ နှစ်ယောက် သေသွားတယ်လို့ သိရတယ်" လို့ လှိုင်သာယာမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားသူနှစ်ဦးဟာ ကိုဝေယံနဲ့ ကိုတိုးကြီးဆိုသူတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကိုဝေယံဟာ နေရာမှာပဲ ဦးခေါင်းပွင့်ပြီး သေဆုံးခဲ့သလို ကိုတိုးကြီး ကလည်း ဝမ်းဗိုက်ထိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တပည့်ဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့သူတွေဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူတွေအကြား ပြောဆိုနေပေမယ့် ဒီလူငယ်နှစ်ဦးစလုံးဟာ PDF တွေ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပစ်ခတ်ဖမ်းဆီးတာနဲ့ ပက်သတ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်နေပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း လှိုင်သာယာမှာ ဆိုင်ကယ်စီးနင်းခွင့် ပိုမိုတင်းကျပ်ခဲ့ပေမယ့် ဒေသခံတွေက ဆိုင်ကယ် မရှိရင် အဆင်မပြေတာကြောင့် အဖမ်းအဆီးတွေကို ရှောင်ရှားပြီး စီးနင်းနေကြတာဖြစ်ပါတယ်။