တောင်တွင်းကြီးမြို့နယ် ကျေးရွာအုပ်စု ရွေးကော်ဥက္ကဋ္ဌ စစ်တပ်က ရိုက်နှက်လို့ သေဆုံး

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.20

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စည်သာကြီးကျေးရွာက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကြည် ကို တောတွင်း ပုန်းအောင်းနေရာကနေ စစ်တပ်က ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးရိုက်နှက်လို့ မေလ ၁၉ ရက်နေ့က သေဆုံးသွားခဲ့ပြီး မနေ့ ညနေက သဂြိုဟ်ခဲ့ပါတယ်။ သူ့ဖခင်ကို ပြင်းပြင်းထန်ထန်နှိပ်စက်ခဲ့တယ်လို့ သိရကြောင်း သမီးဖြစ်သူက RFA ကို ပြောပါတယ်။ သူ့အလောင်းကို ပြန်ရဖို့ မိသားစုက စစ်တပ်ကို ငွေကျပ် ၅ သိန်းပေးခဲ့ရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ် စည်သာကြီးကျေးရွာက ဦးခင်မောင်ကြည်နဲ့ တခြားရွာသား ၅ ဦး ကို မေလ ၁၈ ရက်ညမှာ ဒေသခံ ခမရ ၁ဝ၃၊ လေ့ကျင့်ရေးတပ် အမှတ် ၇နဲ့ ကုက္ကိုလ်ကုန်းရဲစခန်းက တပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့လက်နက်ကိုင်တွေက ရွာအနီးက တောတွင်းမှာ ဝိုင်းဝန်းပိတ်ဆို့ပြီး နောက်နေ့မနက်မှာ ဖမ်းဆီး ရိုက်နှက်ခဲ့ရာကနေ ဦးခင်မောင်ကြည် သေဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ သမီးဖြစ်သူ မဖြူနှင်းခိုင်က သူ့ဖခင် သတ်ဖြတ်ခံရကြောင်းကို မိသားစုက သူ့ကိုအသိမပေးခဲ့ဘဲ တခြားသူတွေပြောမှ သိခဲ့ရတယ်လို့ RFA ကို မနေ့ညက ပြောပါတယ်။

“အဖေတို့က ရွာထဲမှာ မနေရဲဘူး။ တောထဲ တနေရာမှာ အဖေတို့ညီအကို အကုန်နေကြတယ်။ ရွာနဲ့ ၃ မိုင်လောက်နေရာမှာ နေကြတယ်။ ရွာထဲက ဒလန်တွေ သတင်းပေးလို့ စစ်သားတွေ ၃ဝ လောက် နဲ့ အဖေတို့ကို ၁၈ ရက်နေ့ ည ၁ နာရီခွဲ ဝန်းကျင်လောက်မှာ သွားဝိုင်းလိုက်တယ်။ နောက်နေ့မနက်မှာ အဖေတို့ကို ဝင်ဖမ်းပြီး အကုန်လုံး ရိုက်နှက်တယ်။ အားလုံး ၆ ယောက်ပါ အမေ့မောင်က တယောက်၊ အဖေ့ညီမရဲ့ ယောက်ကျားတယောက်ပါတယ်၊ ကျန်တာက အဖေ့ညီအကိုဝမ်းကွဲတွေ။ သူတို့ နှိပ်စက်တယ် ရက်ရက်စက်စက် လုပ်ကြတယ်။ အဖေ့ထက် အငယ်တွေကို တအားရိုက်နှက်နေတော့ အဖေက " ခင်ဗျားတို့ အဲလောက်ကြီး မလုပ်ကြပါနဲ့ဗျာ၊ တောင်းပန်ပါတယ် မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့ " ဆိုတော့ ခင်ဗျားကဘာမို့လို့လဲဆိုပြီး အဖေ့ကို ရိုက်ပြီး ထင်းစကြီးနဲ့ အဖေ့ဗိုက်ကို ာထိုးတယ်၊ အဖေလုံးဝ လဲကျသွားပြီး မထနိုင်တော့ဘူး။ ဒဏ်ရာဒဏ်ချက်ကတော့ မေးရိုးတွေလဲ အကုန်လုံးကျိုးတယ် လက်တွေ လက်ချောင်းတွေ ကျိုးတယ် ဗိုက်မှာလဲဒဏ်ရာရတယ်ပြောတယ် သမီးကတာ့ မမြင်ရဘူး။ အလောင်းကိုတော့ ဒီနေ့ညနေ ၄ နာရီ သင်္ဂြိုလ်တယ်၊ အမေကတော့ ငိုဘဲငိုနေတာ အရမ်းခံစားနေရတယ်။ သမီးက အသက် ၂၁၊ မောင်လေးက ၁၃ နှစ် ညီမကလေးက ၅ နှစ်။”

အသက် ၄၇ နှစ်ရှိ ဦးခင်မောင်ကြည်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒေသခံရွာသားတဦးက သူတို့ကျေးရွာအုပ်စုမှာ ဒလန် ၁ဝ ဦးခန့်ရှိပြီး သူတို့က စစ်တပ်နဲ့အတူ အနီးနားရှိ ပျဉ်ချောင်းရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေထိုင်ကြတယ်၊ ဦးခင်မောင်ကြည်တို့ အဖွဲ့ကိုလည်း အဲဒီ ဒလန်တွေက လမ်းပြခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“သတင်းရလို့ သူတို့သွားတယ်။ သူတို့ ၆ ယောက်ကို မိတယ်။ ကိုခင်မောင်ကြည်ကတော့ သူတို့လက်လွန်သွားတယ်လို့ သဘောနဲ့ အဲလို ဖြစ်သွားတယ်။ အလောင်းကို ပြန်သယ်လာပြီး ဘုန်းကြီးကျောင်းမှာ ထားပြီး တယောက်မှ အတွေ့မခံဘူး။ သေနတ်တွေနဲ့ ချိန်ထားပြီး တယောက်မှ မကြည့်ရဘူး။ သူ့မိန်းမက ပစ်သတ်ရင် ပစ်သတ်လိုက် သူ့ကိုပစ်သတ်လိုက်ဆိုပြီး အလောင်းကို မရအရ ကြည့်တာ။ အဲဒီကျမှ သူ့မိန်းမ တယောက်ကိုဘဲ ကြည့်ခွင့်ပေးတယ်။ နိဗ္ဗာန်ယာဉ်ကားနဲ့ သူတို့က အလောင်းကို မြို့ကိုလိုက်သွားပြီး ရင်ခွဲပြီးစစ်ဆေးတာ။ စစ်ဆေးပြီး သူ့မိသားစုကို အကြောင်းကြားပြီး အလောင်းကို လာထုတ်ခိုင်းတာ။ သွားထုတ်ပြီး ဒီနေ့တော့ ရွာမှာ သဂြိုလ်လိုက်တယ်။”

အဲဒီ စည်သာကြီးရွာကို စစ်တပ်က အခုလို အညိုးထားတာဟာ ဆန္ဒပြပွဲတွေမှာပါဝင်မှုအပြင် သူတို့ရွာမှာ လာရောက်ဆောက်လုပ်ထားတဲ့ မင်းလှမြို့နယ် ထွေအုပ် ဒု ဦးစီးမှူးတယောက်ရဲ့နေအိမ်ကို ရွာသားတွေ မကြာခင်က ဖျက်ဆီးခဲ့တာနဲ့လည်း ဆက်စပ်နေတယ်လို့ ရွာသားတွေက ယူဆပါတယ်။

အဲဒီ ရွာတခုလုံး အခု ထွက်ပြေးနေရချိန်မှာ ရွာထဲက အိမ်တွေကို စစ်တပ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေက လုယက်ဖျက်ဆီးပြီး ကြက်ဝက်တွေကို သတ်ဖြတ်စားသောက်နေကြတယ်လို့ ဆိုပါတယ်။ စည်သာကြီးနဲ့ ပျဉ်ချောင်းရွာ ၂ ရွာပေါင်းလက်ရှိ ဖမ်းဆီးခံနေတဲ့ ရွာသား၂ဝ ကျော်ရှိပြီး သူတို့ကို တောင်တွင်းကြီး အမှတ် ၇ လေ့ကျင့်ရေးတပ်မှာ အခုဖမ်းထားပါတယ်။ ဖမ်းဆီးခံရသူတချို့ကတော့ ငွေ ၁ဝ သိန်းအထိပေးပြီး လွတ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

“ဖမ်းတဲ့သူကို တယောက်ကို ၅ သိန်းပေးရတယ်၊ တချို့ဆို ၁ဝ သိန်းပေးရတယ်။ ကျနော့်သူငယ်ချင်း အမေ ဒေါ်ဖြူသွား လွတ်ဖို့ ၁ဝ သိန်း ပေးခဲ့ရတယ်၊ သားကို မမိလို့ အမေကို ဖမ်းထားတာ။”

အခုသေဆုံးတဲ့ ဦးခင်မောင်ကြည် ရဲ့ ရုပ်အလောင်းကိုကော ဘယ်လိုပြန်ရရှိခဲ့တာပါလဲ။

“ဦးခင်မောင်ကြည်အလောင်းကို ပြန်ရဖို့အတွက် မိသားစုက စစ်တပ်ကို ၅ သိန်းပေးခဲ့ရတယ်လို့ ကျနော် ကြားရတယ်။”

နိုင်ငံရေးသမား ရှေ့နေကြီး ဦးကြီးမြင့် ကတော့ ဒါဟာ စစ်တပ်အနေနဲ့ လူသတ်မှုကိုရော အဂတိလိုက်စားမှုကိုပါ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက လူသတ်မှုပဲ သေချာတယ်။ ရိုးရိုး သေမှုသေခင်း ဖွင့်လို့မရဘူး။ ဇော်မင်းထွန်းကတော့ ပြောတယ် ဒါမျိုးကို ကျနော်တို့လည်း သေမှုသေခင်းဖွင့်တာဘဲ လို့။ ဥပဒေအရ သေမှုသေခင်းဖွင့်လို့မရဘူး သေမှုသေခင်းကနေ လူသတ်မှုကို ပြောင်းရတယ်။ ၁- အချက်က ဒါ လူသတ်မှု မြောက်တယ်၊ ၂- အချက်က အဂတိလိုက်စားမှု တိုက်ဖျက်မှုကော်မရှင်ကို တင်ပြရင် အာဏာရှိတဲ့သူတွေက အာဏာအလွဲသုံးစားလုပ်ပြီး လာဘ်စားတဲ့အတွက်ကြောင့် ဒါကို စုံစမ်းစစ်ဆေးရမယ်။”

အဲဒီဒေသခံတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့တပ်ဖွဲ့တွေထဲမှာ ကပစ ၁၈ ကတပ်သားတွေလည်းပါဝင်တယ်လို့ ရွာသားတွေက ပြောပါတယ်။ အခုလိုစစ်သားတွေရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးခင်မောင်ကြည်ရဲ့ သမီးဖြစ်သူ မဖြူနှင်းခိုင်ကတော့ သူမဖခင်ရဲ့ ရုပ်အလောင်းကို မကန်တော့လိုက်ရတဲ့အတွက် စစ်တပ်နဲ့ ဒလန်တွေကို နာကျည်းနေပါတယ်။

“သမီးအရမ်းခံစားရတယ် ဘယ်လိုမှ မကျေနပ်ဘူး။ သမီးအဖေ မသေသင့်ဘဲ သေရတယ်။ အဖေ့မှာ ဘာမှ အပြစ်ကြီးကြီးမားမား မရှိဘဲနဲ့ ရက်ရက်စက်စက် လုပ်ရက်ကြတယ်။ သမီး သူများနိုင်ငံမှာ အလုပ်လုပ်နေရတာ အိမ်ကိုပြေးတွေ့ချင်လဲ ပြေးတွေ့လို့မရဘူး။ သမီးတို့ ဒုက္ခရောက်နေတာကြာပြီ။ သမီးဘယ်လိုမှ မဖြေသိမ့်နိုင်ဘူး။ မခံစားနိုင်ဘူး။”

AAPP နိုင်ငံရေးအကျဉ်းသားများကာကွယ်စောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီး ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ ပြည်သူ ၈ဝဝ ကျော် နဲ့ ဖမ်းဆီးခံခဲ့ရသူ ၅၃ဝဝ ကျော်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။