ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုတဲ့အနေနဲ့ အပြာရောင်လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ Burma Campaign-UK စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တည်ထောင်သူတွေထဲက တစ်ဦးလည်းဖြစ်၊ စစ်အစိုးရရဲ့ နှစ်ရှည် အကျဉ်းချခံခဲ့ရသူလည်းဖြစ်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၈ ရှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

အကျဉ်းထောင်မှာ ၁၉ နှစ်ကျော်နေခဲ့ရတဲ့ ဦးဝင်းတင်ဟာ ထောင်ကပြန်လွတ်လာချိန်ကစလို့ ကွယ်လွန်ချိန်အထိ ထောင်ဝတ်စုံ အပြာရောင်အင်္ကျီ ဝတ်ပြီး၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် လှုံ့ဆော်တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံနေရသူ တစ်သောင်းကျော် ရှိနေပြီး၊ သူတို့အားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုအနေနဲ့ရော ဆရာကြီးဦးဝင်းတင်ကိုအောက်မေ့သတိရတဲ့ အထိမ်းအမှတ်အဖြစ်ပါ ဒီနေ့မှာ အပြာရောင်အင်္ကျီကို ဝတ်ဆင်ကြဖို့၊ ဒါမှမဟုတ် အပြာရောင်ဝတ်ထားတဲ့ ဓာတ်ပုံတွေကို "နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်" ဆိုတဲ့စာသားနဲ့အတူ ကိုယ့်ရဲ့ဖေ့စ်ဘွတ်၊ တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ကြဖို့ နှိုးဆော်ထားကြတာဖြစ်ပါတယ်။

2013-04-11T120000Z_1421264791_GM1E94B12FO01_RTRMADP_3_MYANMAR-SHIRT.JPG
Win Tin poses in his prison issued shirt at his home in Yangon Win Tin poses in his prison issued shirt at his home in Yangon April 9, 2013. For almost two decades in Myanmar's notorious Insein Prison, Win Tin wore the blue shirt issued to all inmates. He kept it after his release in 2008 out of solidarity with other political prisoners who remained in jail. Picture taken April 9, 2013. REUTERS/Soe Zeya Tun (MYANMAR - Tags: CIVIL UNREST POLITICS SOCIETY PORTRAIT) (Soe Zeya Tun/Reuters)

"တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိဘူး" ဆိုတဲ့ ဦးဝင်းတင်ရဲ့ မှတ်ချက်စကားဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြားမှာ လူသိများထင်ရှားပါတယ်။ အခုတစ်ကြိမ် စစ်တပ်က အာဏာပြန်သိမ်းပြီးနောက်မှာလည်း ဒီစကားကို လူငယ်တွေက လက်ဆင့်ကမ်းမျှဝေနေကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

စစ်တပ်က ဦးဆောင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ ဖျက်သိမ်းမလားဆိုပြီး NLD ပါတီက သဘောထား ကောက်ယူချိန်မှာ NLD ပါတီခေါင်းဆောင်အများစုက ပြင်ဆင်ရေးဘက်က ရပ်တည်ခဲ့ပေမယ့်၊ လုံးဝဖျက်သိမ်းရေးဘက်က ရပ်တည်ခဲ့ကြသူတွေကတော့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ရှေ့နေဦးကိုနီနဲ့ ကွယ်လွန်သူ ဆရာကြီးဦးဝင်းတင်တို့ နှစ်ဦးတည်း ဖြစ်ပါတယ်။

ဆရာဦးဝင်းတင်ဟာ နအဖ စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ အင်းစိန်ထောင်မှာ အကျဉ်းချခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။