နှင်းဆီပါတီကိုဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ


2020.10.17
udp-party-campaign-622.jpg ၂၀၂၀ အောက်တိုဘာလ ၁၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် UDP ပါတီဝင်များ မဲဆွယ်စည်းရုံးစဥ်။
Photo: RFA

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အောက်တိုဘာလ ၁၇ ရက် ဒီနေ့ည (၈) နာရီမှာ ကြေညာလိုက်ပါတယ်။

UDP ပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ ပြဌာန်းချက်တွေနဲ့ ငြိစွန်းတဲ့အတွက် ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ပါတီဖျက်သိမ်းလိုက်တာကြောင့် UDP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာလည်း သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက်တွေအရ ရွေးကောက်ပွဲဝင်ခွင့် ရှိတော့မှာ မဟုတ်ဘူးလို့ ဆက်တိုက်ထွက်လာတဲ့ နောက်ထပ် ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့်ဟာ ငွေကြေးခဝါချမှု ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ငြိစွန်းတဲ့အတွက် အရေးယူဖို့ဆောင်ရွက်နေတယ်လို့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။ ကော်မရှင်က လိုအပ်သလို အရေးယူနိုင်အောင် လတ်တလော စစ်ဆေးတွေ့ရှိချက်တွေကို ပေးပို့ အကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှာ မန္တလေးထောင်အချုပ်ကနေ ထွက်ပြေးခဲ့ပြီး ထိုင်း၊ နော်ဝေ၊ အမေရိကန်နိုင်ငံတွေက တဆင့် ကနေဒါနိုင်ငံမှာ သွားရောက် နေထိုင်ခဲ့တာလို့ သိရပါတယ်။

၂၀၁၂ ခုနှစ်မှာ ကနေဒါနိုင်ငံကနေ တရုတ်နိုင်ငံကို ပြန်လာတဲ့အခါ ကနေဒါဒေါ်လာ ၁၈ သန်းကို တရားမဝင် ယူဆောင်လာခဲ့ပြီးနောက်  ၂၀၁၅ ခုနှစ်မှာ ရွှေလီနဲ့ ကျယ်ဂေါင်ရှိ တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကတဆင့် မြန်မာနိုင်ငံထဲကို ကျပ်သန်းပေါင်း ထောင်နဲ့ချီပြီး အကြိမ်ကြိမ်လွှဲ ပြောင်းယူခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဦးကျော်မြင့်ဟာ အဲဒီငွေတွေကို ၂၀၁၅ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာရှိတဲ့ United Amera Bank- UAB နဲ့ ဧရာဝတီဘဏ် အပါအဝင် ဘဏ်ပေါင်းများစွာမှာ စုစုပေါင်း ငွေစာရင်း ၅၉ ခု ဖွင့်ထားပြီး၊  တရုတ်နိုင်ငံကတဆင့် တရားမဝင် လွှဲပြောင်းယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရကြောင်း  ဦးဇော်ဌေးက ပြောပါတယ်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့်
UDP ပါတီဥက္ကဌ ဦးကျော်မြင့်
(Screenshot)

ဦးကျော်မြင့်ဟာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ တည်ထောင်ပြီး  ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကျပ်ငွေ ၁၂ ဘီလျံ‌‌ကျော် သုံးစွဲထားတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့် ပါတီဝင်တွေကို တာဝန်အလိုက် လစဉ်ထောက်ပံ့ကြေးပေးထားသလို  ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ကျပ် သုံးသိန်းစီနဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း  ၇၁၆ ဦးကို ငွေကြေး ထောက်ပံ့ထားတယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြပါတယ်။

ပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့ ငွေကြေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို Myanmar Now သတင်းဌာနက ဖော်ထုတ် ရေးသားခဲ့ပြီးနောက် ဦးကျော်မြင့်ကို ထောင်ပြေးမှု ငွေကြေးခဝါချမှုတွေနဲ့ မန္တလေး၊ အိုးဘိုထောင်မှာ ဖမ်းဆီးထားပါတယ်။

ဦးကျော်မြင့် ဖမ်းဆီးခံထားရပေမယ့် UDP ပါတီဝင်တွေဟာ အင်အားငါးရာဝန်းကျင်နဲ့ နေပြည်တော်မှာ  အောက်တိုဘာလ ၇ ရက်နေ့က မဲဆွယ်လှုပ်ရှားခဲ့ပါတယ်။

UDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း ၁၁၄၃ ဦး နဲ့ တနိုင်ငံလုံးမှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာထားခဲ့တာပါ။

ရွေးကောက်ပွဲကော်မရှင်ကလည်း သူတို့ကို ကိုယ်စားလှယ်လောင်းတွေအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်ပရောက်မြန်မာပြည်သားတွေ မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေးနိုင်ဖို့ မဲလက်မှတ်တွေ ရိုက်နှိပ်ခဲ့ပြီ ဖြစ်တာကြောင့် အဲဒီကိုယ်စားလှယ်တွေရဲ့ အမည်တွေလည်း မဲလက်မှတ်တွေမှာ ပါဝင်ပြီးသား ဖြစ်နေပါပြီ။

ရိုက်ပြီးသား မဲလက်မှတ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးမင်းကို မေးမြန်းရာမှာ... အရင်ပယ်ဖျက်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မှင်နီနဲ့ ဖျက်ခိုင်းထားတဲ့အတွက် အခုလည်း အလားတူ လုပ်ဆောင်မယ်လို့ ထင်ကြောင်း RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ နယူးမြန်မာဖောင်ဒေးရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းကတော့... နှင်းဆီပါတီ ကိုယ်စားလှယ်လောင်း တစ်ယောက်ယောက်ကို ထောက်ခံမဲ ပေးထားတဲ့  ကြိုတင်မဲလက်မှတ်၊ ပုံမှန်မဲလက်မှတ်တွေဟာ “ပယ်မဲ” ဖြစ်သွားနိုင်တယ်လို့  RFA ကို ပြောပါတယ်။

“ကျမတို့နိုင်ငံမှာ ဒါ ပထဆုံးဖြစ်နေတယ်။ ဥပဒေအရ ဒါ ပါတီကို ပယ်ဖျက်လိုက်တယ်ဆိုတော့ ပါတီအနေနဲ့ မှတ်ပုံတင်ထားတဲ့အတွက် ရွေးကောက်တင်မြှောက်ခွင့်လည်း ဆုံးရှုံးသွားမှာပေါ့။ ပေးထားတဲ့မဲတွေမှာ UDP ကို ပေးထားတယ်ဆိုရင် ပယ်မဲဖြစ်သွားမှာပေါ့”

ဒီကနေ့ ပါတီဖျက်သိမ်းကြောင်း ကော်မရှင်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ပါတီရဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရသေးပါဘူး။

နှင်းဆီပါတီဟာ  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ) (ဂ)၊ (စ) တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ပယ်ဖျက်လိုက်တာလို့ ကော်မရှင်က ဆိုပါတယ်။

ပါတီတစ်ခုဟာ နည်းဥပဒေ ၁၅ မှာ ပါဝင်တဲ့ အချက် ၁ဝ ချက်ထဲက တစ်ခုခုနဲ့   ငြိစွန်းကြောင်း ကော်မရှင်က တွေ့ရှိလျှင် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်လို့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။

နှင်းဆီပါတီက ငြိစွန်းခဲ့တဲ့ အချက်သုံးချက်ကတော့ “တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်း၊   နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်းပြုသည့် အဖွဲ့အစည်း ဖြစ်ကြောင်း တွေ့ရှိခြင်း” တို့ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။