ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တချို့ ထောင်ဒဏ်ချမှတ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးကနေ ဇူလိုင်လ ၇ ရက် ဒီနေ့မှာ အမိန့် ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့ပဲ နေပြည်တော် အချုပ်ထောင်ထဲက အထူးတရားရုံးတစ်ခုကနေ ဦးလှသိန်း၊ ဦးသန်းဌေး၊ ဦးမြင့်နိုင်တို့ကို ပုဒ်မ ၁၃၀ (က) နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချလိုက်ပါတယ်"

သူတို့ သုံးဦးလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက နေပြည်တော် အချုပ်ထောင်ထဲကို ပို့ဆောင်ခံခဲ့ရပြီး အချုပ်ထောင်တွင်းတရားရုံးမှာပဲ တရားရင်ဆိုင် ခဲ့ရတာပါ။

အခုထောင်ဒဏ်ချမှတ်ခံရသူတွေအပြင် ကျန်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ဘယ်လိုအရေးယူထားတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ပုဒ်မ - ၁၃၀ (က) ဟာ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေကို တားမြစ်တာ ဒါမှမဟုတ် တမင်ချန်လှပ်ထားခဲ့တာတွေလုပ်ရင် အရေးယူနိုင်တဲ့ပုဒ်မဖြစ်ပြီး ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ ရာဇသတ်ကြီး ဥပဒေမှာ ဖော်ပြ ထားပါတယ်။

သမ္မတ ဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဝန်ကြီးချုပ်တချို့ကိုလည်း ရွေးကောက်ပွဲမှာ ဩဇာ အာဏာလွှမ်းမိုးပြီး အသုံးချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၃၀ (က) နဲ့ပဲ အရေးယူထားတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူ ၄၂၂ ဦးကို ဖမ်းဆီးတရားစွဲထားတဲ့အပြင် တိုင်းနဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ အပါအဝင် စုစုပေါင်း ၂၄၈၉ ဦး ကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၁၀၇၇ ခု ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခဲ့တဲ့အမှုက ၅၄၆ မှု၊ အဲဒီအထဲမှာ တရား စွဲတင်တဲ့အမှု ၃၄၂ မှု၊ ပိတ်သိမ်းတဲ့အမှု ၁၉၄ မှုနဲ့ ဥပဒေအကြံတောင်းထားဆဲအမှု ၁၀ ခုအထိ ရှိကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန် ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အခုလို ပုဒ်မမျိုးစုံနဲ့ စွပ်စွဲပြီး စစ်ကောင်စီက အရေးယူမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။